fbpx အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ | Hap Eye
Skip to main content
HapEye Knowledge Sharing

အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ

အင်းစိန်ထောင်ဟာ (၆၈) ဧက ကျယ်ဝန်းလို့ အရှေ့တောင်အာရှရဲ့ အကြီးဆုံးထောင်အဖြစ် မှတ်ယူလို့ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံစနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက်အတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင် လက်စွဲဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေစာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေးအကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်တွင် အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကိုု နိူင်ငံတော် ငြိမ်ဝပ်ပိပြားရေးမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက်ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ တိုင်းပြည်ငြိမ်ဝမ်ပိပြားရေးအတွက် ဒေသအသီးသီးက လူမိုက်တွေအကုန်လုံး ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ၁၉၉၀ ခုနစ်နောက်ပိုင်းမှာ ရန်ကုန်က လူမိုက်အသီးသီးနဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ နိူင်ငံရေးအကျဉ်းသားတွေ အားလုံးဟာ ဒွေးရောယှက်တင် တစ်ထောင်တည်း၊ တစ်ဆောင်တည်း၊ တစ်ခန်းတည်း နေထိုင်ခဲ့ကြရပါတယ်။ အကျိုးဆက်အားဖြင့် နိူင်ငံရေးအကျဉ်းသားတွေရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်တွေဟာ ထောင်တွင်းလူမိုက်ကြီးများကို သင်ခန်းစာပေးခဲ့သလို လူမိုက်ကြီးများရဲ့ သေမထူးနေမထူး စိတ်ဓာတ်တွေကလည်း နိူင်ငံရေး အကျဉ်းသားတွေအပေါ် ရိုက်ခတ်မှုရှိခဲ့ပါသည်။ နှစ်ပေါင်း ၃၀ အကျဉ်းထောင် ရာဇဝင်ထဲမှာ စိတ်ချမ်းသာစရာဆိုလို့ နိူင်/ကျဉ်းတွေကြောင့် ဘယ်ထောင်ကွင်းလူမိုက်ကြီးတွေမှ ဒုက္ခမရောက်ခဲ့သလို ထောင်တွင်းလူမိုက်ကြီးတွေကလည်း ဘယ်နိူင်/ကျဉ်းတွေကိုမှ ကိုယ်ထိလက်ရောက် ဒုက္ခမပေးခဲ့ပါဘူး။ ဘဝတူ အကျဉ်းသားများအဖြစ် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စာနာထောက်ထားပြီး နေထိုင်ခဲ့ကြပါသည်။ ဒါပေမဲ့ လူမိုက်ကြီးတွေရဲ့အစဉ်အလာထုံးစံအတိုင်း ရိုးရိုးရာဇဝတ်မှုနဲ့ ကျလာတဲ့ အကျဉ်းသားတွေ အပေါ်မှာတော့ ဗိုလ်ကျ အနိူင်ကျင့် ချွတ်ခွာတာတွေ ရှိခဲ့ပါတယ်။

ထောင်တွင်းဝေါဟာရဖြစ်တဲ့ ချွတ်ခွာဆိုတာဟာ ထောင်ထဲကို အမှုအမျိုးအမျိုးနဲ့ ရောက်လာတဲ့ အကျဉ်းသားတွေထံက ငွေကြေး၊ စားစရာနဲ့ အဝတ်အစား အသုံးအဆောင်တွေကို ဗိုလ်ကျပြီး ရယူတာဖြစ်ပါတယ်။ ပုဆိုးအသစ်နဲ့ ထောင်ကျလာတဲ့ ကျသစ်ကို ပုဆိုးအဟောင်းပေးပြီး သူ့ပုဆိုးအသစ်ကို ယူဝတ်လိုက်တယ်။ လည်သာဂျက်ကတ်အနွေးထည်ပါလာတဲ့ အကျဉ်းသားဆီကနေ ဆေးလိပ် ၁၀လိပ်လောက်ပေးပြီး အနွေးထည်ကိုယူတယ်။ ထောင်ဝင်စာမှာ ပါလာသမျှ စားစရာတွေထဲက စီးကရက်၊ မုန့်၊ ကော်ဖီမှုန့်၊ နို့မှုန့်၊ အချိုမှုန့်၊ အကြော်အလှော် ဟင်းအမျိုးမျိုးကိုလည်း ဆက်သရပါတယ်။ ဒီလိုမှမလုပ်ရင် ခုမှရောက်လာတဲ့ အကျဉ်းသားခမျာ ဒုက္ခရောက်ပြီသာ မှတ်ပေတော့။

၁၉၈၈ ခုနစ် အရေးအခင်းကာလ ရန်ကုန်မြို့ပေါ်အုပ်ချုပ်ရေး ပျက်ပြားခဲ့တဲ့အချိန်မှာ မြို့နယ်အလိုက် လူမိုက်တွေအများကြီး ထွက်ပေါ်လာပါတယ်။ တာမွေလူမိုက်၊ ဆင်မလိုက်လူမိုက်၊ ကြည့်မြင့်တိုင်လူမိုက်၊ အလုံလူမိုက်၊ ကြံတောလူမိုက်၊ သင်္ဃန်းကျွန်းလူမိုက်၊ ဥက္ကလာလူမိုက် စတာတွေပါပဲ။ ဒီလူမိုက်တွေကို နိူင်ငံတော် ငြိမ်ဝမ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ) က အာဏာသိမ်းတော့ အကုန်လုံးဖမ်းပြီး အင်းစိန်ထောင်ထဲထည့်လိုက်ပါတယ်။ ဒီလိုနဲ့ အင်းစိန်ထောင်ဟာ မြန်မာနိူင်ငံရဲ့ အမိုက်တကာ့ အမိုက်ဆုံးလူမိုက်တွေရဲ့ အားပြိုင်ရာ ဗဟိုရပ်ဝန်းဒေသတစ်ခု ဖြစ်လာခဲ့ပါတယ်။ တပ်မတော်အာဏာ မသိမ်းခင်က အင်းစိန်ထောင်မှာ ဘုန်းတန်ခိုးအာဏာကြီးတဲ့ ထောင်အခေါ် တစ်ထောင်လုံးရဲ့တန်းစီးဟာ "အီဆတ်"လို့ခေါ်ပါတယ်။ ထူးခြားတာက လူမိုက်တန်းစီးတွေဟာ သူတို့ကို တန်းစီးလို့ခေါ်ရင် မကြိုက်ပါဘူး။ ဒီနာမည်ဟာ သူတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် နောက်ပိုင်းမှာ ထောင်အာဏာပိုင်တွေကို တင်ပြပြီး အမည်ပြောင်းပေးဖို့ အရေးဆိုခဲ့ပါတယ်။ နောက်ဆုံးတော့ ထောင်တွင်းလူမိုက်ကြီးတွေကို အားကိုးပြီး မ,တစ်ရာသား အကျဉ်းသားတွေကို အုပ်ချုပ်ရတဲ့ ထောင်အာဏာပိုင်တွေဟာ တန်းစီးတွေရဲ့ တောင်းဆိုမှုကို အလိုလိုက်ပြီး အကျဉ်းသားအရာရှိဆိုတဲ့ ဝေါဟာရသစ်ကို ပေးအပ်လိုက်ပါတယ်။ အကျဉ်းသားအရာရှိထဲမှာလည်း ရာထူးအဆင့်လိုက်တွေ ရှိပါတယ်။ သူတို့ရင်ဘတ်မှာ တစ်ရစ်၊ နှစ်ရစ်၊ သုံးရစ်စသဖြင့် ရေးထိုးပြီး ရာထူးအဆင့်ခွဲထားပါတယ်။ သုံးရစ်ကတော့ တစ်ထောင်လုံးရဲ့ အကြီးဆုံးအကျဉ်းသားအရာရှိဖြစ်ပါတယ်။ နှစ်ရစ်က အဆောင်ကိုအုပ်ချုပ်ရတာဖြစ်ပြီး တစ်ရစ်ကတော့ တစ်ခန်းချင်းကိုအုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ထောင်စည်းကမ်းထိန်းဆိုတာကလည်း ရှိပါသေးတယ်။ တစ်ရစ်တွေကို အခန်းလူကြီးလို့ ဝေါဟာရသစ် ပေးထားပါတယ်။

၁၉၉၀ ကာလတစ်လျှောက် အကျဉ်းထောင်ထဲကို ကြည့်မြင့်တိုင်တစ်ပိုင်လုံးရဲ့လူမိုက်ဖြစ်တဲ့ ကိုစံငြိမ်း အလုံမြို့နယ်တစ်ပိုင်လုံးရဲ့ လူမိုက်ဖြစ်တဲ့ စိုးမြတ်ကြံတောသချိုၤင်းတစ်ခုလုံးရဲ့ လူမိုက်ကြီးတွေဖြစ်တဲ့ ဧရာကြီးနဲ့ အောင်ဝင်း(ခ)မလက်တို၊ အရေးအခင်း လူသတ်ခေါင်းဖြတ် လူမိုက်ကြီးတွေဖြစ်တဲ့ ဗလကြီးနဲ့ ရေဘဝဲဘိုနီ(တောင်ဥက္ကလာ)ဆေးရုံကြီး လူမိုက်တွေဖြစ်တဲ့ စိန်ဝင်း၊ မာသီး၊ မူဆာ၊ ထိုင်းနိူင်ငံအထိ ကြေးစားလူသတ်သမားလုပ်ခဲ့တဲ့ မြွေဖြူလေး(ခ)ကျော်သူ၊ ရဲတွေဝိုင်းထားတဲ့ကြားက ဗားကရာချောက်ထဲမှာရှိတဲ့မြောင်းကနေ လှိုင်မြစ်ထဲကို ထွက်ပြေးသွားနိူင်ခဲ့တဲ့ သီရီမြိုင်က လူမိုက်ဝက်ကလေး၊ ဒါ့အပြင် တန်းစီးချုပ်စိုးမြတ်ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံး ဖြစ်ခဲ့ဖူးတဲ့ ဂါဂါကြီးနဲ့ ဂါဂါလေး၊ တစ်ဦးချင်း နာမည်ကျော်ကြားခဲ့တဲ့ လူမိုက်တွေကတော့ နှစ်တရာကျွဲကြီး၊ စတော့ဂိတ်ဝင်းတင်၊ အီဆတ်ရဲ့အမှုတွဲ ကရင်လေး၊ ရဲဘက်စခန်းမှာ အီဆတ်ကို အသေသတ်နိူင်ခဲ့တဲ့ ပြောင်းဖူးမောင်သိန်း၊ ၁၉၈၈ ခုနစ်မှာ နှမနဲ့ယောက်ဖကို အမွေကိစ္စကြောင့် လှံနဲ့တချက်တည်း ထိုးသတ်ခဲ့လို့ သေဒဏ်ပေးခံခဲ့ရတဲ့ မြဂေါင်၊ မြဂေါင်ကို (၄)ဆောင် ခရမ်းခင်းထဲမှာ ပေါက်တူးနဲ့ ခုတ်သတ်ခဲ့တဲ့ သာကေတ ကွင်းမသိမ်ချောင်းသားငရှဉ့်သင်္ဃန်းကျွန်းလူမိုက်မိုးသူ၊ ရထားတွဲတွေကို ကျွမ်းကျွမ်းကျင်ကျင် အတက်အဆင်းလုပ်နိူင်တဲ့ ဗိုက်ထောက်ကျော်မင်း၊ ပင်လယ်ကူးသင်္ဘောပေါ် တက်ပြီးခိုးလေ့ရှိတဲ့ ရေဖျံဘဂျမ်း၊ သတ္တိအရာမှာ ဘယ်သူမှမယှဉ်နိူင်တဲ့ စိန်ကုလားခရမ်းသုံးခွက အရူးသားသားရန်ကုန်သားစစ်ကား၊ ကြက်ဖကြီး၊ မင်းမင်း စတဲ့သူတွေဟာ အင်းစိန်ထောင်ရဲ့ ဂန္တဝင်လူမိုက်ကြီးတွေဖြစ်ပါတယ်။ နိူင်ငံရေးပုဒ်မဖြစ်တဲ့ ၅(ည)တွေထဲမှာလည်း ထူးထူးခြားခြား လူမိုက်တွေကြောက်ရတဲ့ လူမိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ ရန်ကုန်မြို့လယ်ခေါင်မှာ ကျင်လည်ခဲ့တဲ့ ပတေးဖြစ်ပါတယ်။

ဒီလူမိုက်ကြီးတွေအများစုဟာ အချင်းချင်း သတ်ဖြတ်ကြတဲ့ ဥပစ္ဆေဒကံနဲ့ ရင်ဆိုင်ခဲ့ကြရပြီး ယခုအချိန်အထိ ရှင်သန်နေသူတွေကတော့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တည်ငြိမ်တဲ့ ဘဝတွေကို ပိုင်ဆိုင်နေကြပါတယ်။ အထက်မှာဖော်ပြတဲ့ လူမိုက်ကြီးတွေထဲမှာ သြဇာအာဏာအကြီးဆုံး တန်းစီးကြီးနှစ်ယောက်ကတော့ မဆလအစိုးရခေတ် အင်းစိန်ထောင်ကို အုပ်စိုးခဲ့တဲ့ အီဆတ်ဖြစ်ပြီး နဝတအစိုးရခေတ်မှာတော့ ဥပဓိရုပ်ခန့်ညားပြီး အပြောကောင်းတဲ့ အလုံသားစိုးမြတ်ကြီး ဖြစ်ပါတယ်။

အီဆတ်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းကာလ အုပ်ချုပ်ရေး ပျက်ပြားသွားတဲ့အချိန် အင်းစိန်ထောင်ကြီး ပေါက်သွားတဲ့အခါ ထောင်ပိုင်နဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ကူညီပေးပြီး ထောင်ကိုထိန်းသိမ်းခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၈ရက် တပ်မတော်ကအာဏာပြန်သိမ်းတဲ့အခါ ထောင်ကိုပြန်လည်သိမ်းပိုက်နိူင်ပြီး အီဆတ်ကိုလည်း ထောင်ထဲမှာ ရွှေပေါ်မြတင် ထားခဲ့ပါတယ်။ တိုက်ထဲမှာ သီးခြားနေတဲ့ အီဆတ်ဟာ တာဝန်ကျဝန်ထမ်းကို သံပုရာရည်ဖျော်ခိုင်းပြီး မချဉ်လို့ ဖျော်ရည်ခွက်နဲ့ ပတ်တဲ့အထိ ဘုန်းကြီးခဲ့သူဖြစ်ပါတယ်။ ရုပ်ရည်သန့်ပြန့်ပြီး လူဆိုးတစ်ယောက်နဲ့ လုံးလုံးကြီးခြားနားတဲ့ အလုံစိုးမြတ်ဟာ သူ့ကိုယ်သူ ဝတ္တုတွေထဲက လေးစားအားကျဖွယ်ရာ ဇာတ်လိုက်တစ်ယောက်လို တောထဲမှာ ပြုမူနေထိုင်ခဲ့ပါတယ်။ သတ္တိသာရှိပြီး အတွေးအခေါ်နည်းပါးတဲ့ အင်းစိန်ထောင်က လူဆိုးလူမိုက်တွေ ပါးစပ်ဖျားမှာ "စိုးမြတ်ကြီး" ဆိုပြီး တသသဖြစ်အောင်လုပ်နိူင်ခဲ့တာက စိုးမြတ်ကြီးရဲ့ အရည်အချင်းဖြစ်ပြီး ထောင်တွင်းနေထိုင်မှုတလျှောက် နိူင်ငံရေးအကျဉ်းသားတွေနဲ့ရော ထောင်အာဏာပိုင်တွေကြားမှာ ဆက်ဆံရေးပြေလည်အောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ စိုုးမြတ်ကြီးရဲ့ ဘဝဇာတ်ကြောင်းဟာ တပည့်တပန်းတွေရဲ့လုပ်ဇာတ်ကြောင့် အင်းစိန်ထောင်ထဲမှာ ချက်ချင်း ကြီးကျယ်ခမ်းနားသွားပြီး အဲ့ဒီအချိန်ကခေတ်စားနေတဲ့ ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာတို့နဲ့ပါ အမျိုးတော်သလိုလို ကောလဟာလ ဖြစ်ခဲ့ပါတယ်။ အစားဆင်းရဲ၊ အနေဆင်းရဲလောကဖြစ်တဲ့ထောင်မှာ ကြီးကျယ်ခမ်းနားအောင် နေနိူင်တာကလည်း စိုးမြတ်ပဲဖြစ်ပါတယ်။ အကျဉ်းသားဝတ်စုံအဖြူကိုမဝတ်ဘဲ ပလေကပ်လုံချည်နဲ့ စပို့ရှပ်ဝတ်လေ့ရှိသူ၊ ရေချိုးရင်ကျောဘက်မှာထိုးထားတဲ့ လောကနတ်အရုပ်ကိုဖုံးဖို့ သဘက်စောင်အကြီးကြီးကို ခြုံလေ့ရှိသူ၊ ထမင်းစားရင်လက်ဆေးပေးဖို့ တပည့်တစ်ယောက်ထားတတ်သူ စတာတွေကြောင့် အကျဉ်းသားတွေအလယ်မှာ စိုးမြတ်နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ သူ့ဘေးမှာ လက်ယဉ်တဲ့၊ ရက်စက်တဲ့ တပည့်တပန်းတွေထားပြီး သူကတော့ အယုတ်အလတ် အမြတ်မရွေး သနားကြင်နာပြတတ်သူဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ထောင်ပိုင်ကြီး ထောင်ပိုင်လေးတွေက အထူးအားကိုးရတဲ့ အကျဉ်းသားအရာရှိတွေဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံး အသတ်ခံခဲ့ရပါတယ်။ အီဆတ်ဟာ ရဲဘတ်စခန်းမှာ ပြောင်းဖူးမောင်သိန်းနဲ့ စကားများလို့ လုံခြုံရေးဆီက သေနတ်ကိုလုပြီး ပစ်သတ်ခံလိုက်ရတာဖြစ်ပြီး စိုးမြတ်ကြီးကတော့ ထောင်ကပြန်လွတ်မှ မုန့်ဟင်းခါးစားနေတုန်း လူမိုက်နဂါးလေးရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ တချိန်က ထောင်ထဲမှာ စိုးမြတ်ကို တပည့်ခံ၊ ထမင်းခူးခပ်ကျွေးခဲ့တဲ့ နဂါးလေးကပဲ ဓားနဲ့လည်ပင်းကို ပွေ့ထိုးလိုက်တာပါ။ အီဆတ်နဲ့ စိုးမြတ်နှစ်ယောက်လုံးဟာ အကျဉ်းသားတစ်သောင်းလမ်းလျှောက်ခွင့်မရှိတဲ့ အင်းစိန်အကျဉ်းထောင်က မိန်းဂျေးလ်လမ်းမပေါ်မှာ တရားဝင်လမ်းလျှောက်ခွင့်ရှိတဲ့ အကျဉ်းသားအရာရှိဖြစ်ခဲ့ပါတယ်။ စိုးမြတ်ကြီးဆိုရင် ပလေကပ်ပုဆိုးနဲ့ ရေဘင်မျက်မှန်နဲ့ ကတ္တီပါဖိနပ်စီးပြီး မိန်းဂျေးလ်လမ်းမပေါ်ကိုသွားရင် သူ့ရှေ့မှာ ဝါးဆစ်ပိတ်ကိုင်အကျဉ်းသားသုံးယောက်၊ နောက်မှာသုံးယောက်၊ လုံခြုံရေးအတွက် ခြံရံခွင့်ရသူ ဖြစ်ပါတယ်။ ထမင်းစားရင် ဟင်းခွက်၃၀နဲ့ ထမင်းစားလေ့ရှိပြီး ထောင်ရဲ့ ဘာသာရေးပွဲတွေကိုလည်း ငွေကုန်ကြေးကျခံကျင်းပနိူင်သူ တန်စီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဂန္တဝင်လူမိုက်ကြီးတွေရဲ့ ဘဝနိဂုံးကတော့ အတူတူတွေပဲဖြစ်ပါတယ်။

ဇော်သက်ထွေးရေးသားသော အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Share this article