fbpx သေဒဏ်ကြိုးလွတ် မြဂေါင် (သို့မဟုတ်) ဥပစ္ဆေဒကံကို မရှောင်လွဲနိူင်သူ | Hap Eye
Skip to main content
HapEye Knowledge Sharing

သေဒဏ်ကြိုးလွတ် မြဂေါင် (သို့မဟုတ်) ဥပစ္ဆေဒကံကို မရှောင်လွဲနိူင်သူ

အင်းစိန်ထောင်ထဲက လူမိုက်တန်းစီးတွေကို ထောင်အာဏာပိုင်တွေက အကျဉ်းသားအရာရှိလို့ ခေါ်ဝေါ်ဂုဏ်ပြုလိုက်တဲ့ အပေါ်မှာ တန်းစီးတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြပါတယ်။ နာမည်ကျော်လူမိုက် ဗလကြီး(တောင်ဥက္ကလာက ရေဘဝဲဘိုနီရဲ့ အမှုတွဲ) ဆိုရင် အကျဉ်းသားအရာရှိအဖြစ် အသိအမှတ်ပြုထားတဲ့ အရစ်သုံးရစ်ပါ တံဆိပ်ကိုရင်ဘတ်မှာချိတ်ရင်း "အပင်မြင့်ရင်တော့ လေတိုက်ခံရမှာပဲ၊ လေတိုက်မှာမကြောက်လို့ တောင်ပေါ်တက်နေတာ၊ ငါ့နာမည် ဗလကြီး" လို့ အကျဉ်းသားတွေရှေ့မှာ မှာတမ်းခြွေလေ့ရှိပါတယ်။

ထောင်ထဲမှာရှိတဲ့ လူမိုက်ကြီးတွေအနက် ပထမဦးဆုံးပြောပြချင်တဲ့လူကတော့ သေဒဏ်ကနေ ထူးခြားအံ့သြဖွယ် လွတ်မြောက်လာသူ သေဒဏ်ကြိုးလွတ် မြဂေါင် ဖြစ်ပါတယ်။ မြဂေါင်ဟာ ရန်ကုန်သားစစ်စစ်ဖြစ်ပြီး အဲဒီအချိန်ကလူမိုက်တွေ အင်မတန်ပေါများတဲ့ ဆင်မလိုက်နဲ့ လှည်းတန်းမှာ ကျင်လည်ကျက်စားခဲ့သူဖြစ်ပါတယ်။ အမွေကိစ္စကြောင့် အစ်မဖြစ်သူနဲ့ ယောက်ဖကို လှံနဲ့ တစ်ချက်တည်း ထိုးသတ်ခဲ့တဲ့အတွက် ၁၉၈၄ ခုနစ်ဝန်းကျင်မှာ သေဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၈၆ ခုနစ်မှာတော့ နိူင်ငံတော်သမ္မတ ဦးစန်းယုထံတင်တဲ့ နောက်ဆုံးအယူခံ ပလပ်ခြင်းခံခဲ့ရပြီးတဲ့နောက် သေဒဏ်ပေးဖို့ အကျဉ်းထောင်က ပြင်ဆင်ခဲ့ပါတယ်။ မြဂေါင်ရဲ့ ကျန်းမာရေးကို စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းတွေ လုပ်ပြီးတဲ့နောက်မှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အမိန့်နဲ့ မြဂေါင်ကို သေဒဏ်ပေးမဲ့ကြိုးကို အင်းစိန်ထောင်ထဲက အလုပ်ကြီးဝင်းမှာ ကျစ်ခဲ့ပါတယ်။ သေဒဏ်ပေးဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ သေဒဏ်တိုက်မှာရှိတဲ့ အကျဉ်းသားမြဂေါင် ရုတ်တရက် အောက်ပိုင်းသေသွားတဲ့ သတင်းဟာ ထောင်ဆေးရုံကို အရေးပေါ် ရောက်ရှိလာပါတယ်။ ထောင်ထဲမှာရှိတဲ့ အာဏာပိုင်တွေနဲ့ အကျဉ်းသားအများစုက မြဂေါင်ဟာ သေဒဏ်ပေးခံရမှားစိုးလို့ ထောင်အခေါ် ရုပ်ရှင်ရိုက်ပြလိုက်တယ်လို့ ထင်ကြပါတယ်။

အင်းစိန်ထောင်ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာစိုးကြည်ကလည်း မြဂေါင်အောက်ပိုင်းသေသွားတယ်ဆိုတာကို လုံးဝ မယုံကြည်ကြပါဘူး။ ဒါကြောင့် ဆေးရုံကိုရောက်လာတဲ့အခါမှာ မြဂေါင် အောက်ပိုင်း သေ၊မသေ စမ်းသပ်ဖို့ ခြေထောက်တွေ ပေါင်တွေကို အပ်နဲ့ထိုး၊ ဆေးလိမ်မီးနဲ့ထိုးတာမျိုးတွေ စမ်းသပ်လုပ်ကြည့်ပါတယ်။ ဒါပေမဲ့ မြဂေါင်က လုံးဝနာကျင်ဟန်မပြသည့်အပြင် သူ့ခန္တာကိုယ်အောက်ပိုင်းတခုလုံးဟာလည်း ထုံကျင်အေးစက်ပြီး လှုပ်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မြဂေါင်အမှန်တကယ် အောက်ပိုင်းသေသွားကြောင်း ထောင်ဆေးရုံကဆေးစာအတည်ပြုချက်ကို အကျဉ်းဦးစီးဌာနရုံးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါတယ်။ ဆေးရုံကပေးပို့တဲ့ ဆေးမှတ်တမ်းအရ မြဂေါင်ကို ၁၉၈၇ မှာ သေဒဏ်ပေးမယ့် အစီအစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ရုတ်တရက်ရွေ့ဆိုင်းခဲ့ရပါတယ်။ ၁၉၈၈ခုနစ်မှာ ပြည်သူတွေဆန္ဒပြမှုကြောင့် မဆလပါတီဟာ တစ်လအတွင်း သမ္မတသုံးဦး အပြောင်းအလဲဖြစ်ပြီး မြို့ပြအုပ်ချုပ်ရေးပျက်စီးသွားခဲ့ပါတယ်။ အကျဉ်းထောင်တွေမှာလည်း အကျဉ်းသားတွေရဲ့တော်လှန်မှုကြောင့် ထောင်တွေပွင့်ခဲ့ရပါတယ်။ ဒီအထဲမှာမြန်မာနိူင်ငံရဲ့ အကြီးဆုံးထောင်ဖြစ်တဲ့ အင်းစိန်ထောင်လည်းပါဝင်သွားခဲ့ပါတယ်။ အင်းစိန်ထောင်ကိုစီးနင်းလိုက်တဲ့ အကျဉ်းသားတွေက ထောင်ဝါဒါတွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေကို ထောင်ထဲကတိုက်ခန်းတွေထဲမှာ ပြန်လည်ချုပ်နှောင်ခဲ့ပြီး ဂိုဒေါင်တွေကိုဖောက် စောင်တွေ၊ ခြင်ထောင်တွေ၊ ရိက္ခာတွေအားလုံးကို စိတ်တိုင်းကျ ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ထောင်ထဲမှာ အနေကြာတဲ့ နှစ်တရာကျွဲကြီးလို လူဆိုးကြီးတွေ၊ မြန်မာ့အသံကိုလောင်ချာနဲ့ ပစ်ခတ်ဖို့ စီစဉ်ခဲ့တဲ့အတွက် သေဒဏ်ပေခြင်းခံရတဲ့ မန်းငွေအောင်ရဲ့ အမှုတွဲတွေဖြစ်တဲ့ ရစ်ကီ၊ ရစ်ချက်၊ တွတ်ကီတို့က အကျဉ်းထောင် ပွင့်သွားလို့ အင်းစိန်ဈေးထဲအထိ ရောက်ရှိသွားခဲ့ပေမဲ့ တဝဲလည်လည်နဲ့ ဘယ်နေရာကိုမှ ဆက်မသွားတတ်လို့ ကိုယ့်အိမ်လိုဖြစ်နေတဲ့ အင်းစိန်ထောင်ထဲကိုပဲ ပြန်ဝင်လာခဲ့ရတာကလည်း အံ့သြစရာ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲံပါသည်။

နောက်ထပ်ထူးခြားတဲ့ အံ့သြစရာမှတ်တမ်းကတော့ ၁၉၈၈ ခု စက်တင်ဘာလ ၁၈ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းယူပြီးတဲ့နောက် အကျဉ်းသားတွေနဲ့ ပတ်သတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီကြေငြာချက်ထဲမှာ နှစ်နည်းတဲ့ လူတွေကို လွှတ်ပေးပြီး နှစ်ကြီးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ခြင်း၊ သေဒဏ်အကျဉ်းသားတွေကို ကြိုးမိန့်မှ တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲခြင်း စတာတွေပါဝင်ခဲ့ပါတယ်။ ဒီအချိန်ရောက်တော့မှ အင်းစိန်ထောင်ဆေးရုံမှာ အောက်တစ်ပိုင်းသေလို့ ဆေးရုံတက်နေရတဲ့ ကြိုးပေးခါနီး သေဒဏ်အကျဉ်းသားမြဂေါင်က ခုတင်ပေါ်ကနေ ထခုန်တော့တာပါပဲ။ မြဂေါင်ကိုကြည့်ပြီး ဆရာဝန်အပါအဝင် ဆေးရုံဝန်ထမ်းများ၊ အကျဉ်းသားအားလုံး အံ့သြမှင်သက်သွားခဲ့ရပါတယ်။ တကယ့်လျို့ဝှက်ချက်ကတော့ မြဂေါင်ဟာ ကြိုးပေးမခံချင်တဲ့အတွက် သေဒဏ်တိုက်ထဲမှာ သူ့ခန္ဓာကိုယ်သူ ဆေးလိပ်မီးနဲ့ အထိုးကျင့်ရင်း နာကျင်မှုဝေဒနာကို ခံနိူင်ရည်ရှိအောင် နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်မှုဟာ သူ့ကိုကြိုးပေးမဲ့ အခြေအနေတစ်ရပ်ကို ရှောင်လွှဲနိူင်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက သူ့ကို ကယ်တင်ပေးခဲ့ပါတယ်။ သူ့ရဲ့ကြုံးဝါးချက်ကတော့ 'မကောင်းဆိုးဝါးတွေကို နိုင်ဖို့ဆိုရင် မကောင်းဆိုးဝါးတွေထက် ယုတ်ညံ့နေဖို့လိုတယ်' ဆိုတဲ့စကားပါပဲ။ ဒီလိုနဲ့ မြဂေါင်ဟာ သေဒဏ်ကနေ လွတ်မြောက်သွားပြီး တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံစေခဲ့ပါတယ်။

ထောင်ထဲမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်အတွင်း ရောက်လာတဲ့ နာမည်ကျော် ဗေဒလက္ခဏာဆရာ စံဇာဏီဘိုက မြဂေါင်ရဲ့ လက္ခဏာကိုကြည့်ပြီး "မြဂေါင်...မင်းဘဝက လည်ပင်းကြိုးကွင်းစွပ် သေဒဏ်ပေးခံရမယ့်ဇာတာလုံးဝမပါပေမယ့် ဥပစ္ဆေဒကကံနဲ့ အဆုံးသတ်ရမယ့် ဇာတာကတော့ ရှောင်လွှဲလို့မရဘူး" လို့ အတတ်ဟောခဲ့ပါတယ်။ ဆရာစံဇာဏီဘိုဟောခဲ့သလိုပဲ အင်းစိန်ထောင်ရဲ့ ဂန္တဝင်လူမိုက်ကြီး ကြိုးလွတ်မြဂေါင်ဟာ သေဒဏ်ကလွတ်ပြီးတဲ့နောက် ၁၉၉၁ ခု သြဂုတ်လမှာ အင်းစိန်ထောင် အမှတ်(၄)အဆောင်မှာ လူတစ်ထောင်ကို အုပ်ချုပ်ရတဲ့ တန်းစီး(ခ)အကျဉ်းသားအရာရှိအဖြစ်လုပ်ရင်း သူနဲ့ဘဝတူ လူမိုက်ကြီးတွေဖြစ်တဲ့ သာကေတ ကွင်းမသိမ်ချောင်းက ငရှဉ့်နဲ့ သင်္ဃန်းကျွန်းက မိုးသူတို့က ပေါက်တူးနဲ့တောင်ယာထဲမှာ မသေမချင်း ခုတ်သတ်ခြင်း ခံခဲ့ရပါတယ်။ (ငရှဉ့်က လက်ယဉ်သလို စတီးဝပ်အချုပ်ကိုတောင် မျက်လှည့်ပြနိူင်ခဲ့တဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကြောင့် ရဲတွေတစ်လှေကြီး ပြုတ်ခဲ့ပါတယ်။ သူ့အကြောင်းကို ဆက်လက်ဖော်ပြပါ့မယ်။)

ဇော်သက်ထွေးရေးသားသော အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Share this article