fbpx တိုင်းပြည့်ရန်သူ (အပိုင်း - ၃) | Hap Eye
Skip to main content
Hap Eye Knowledge Sharing

တိုင်းပြည့်ရန်သူ (အပိုင်း - ၃)

ငဘ၊ သခင်မျိုးညွှန့်နှင့် အခြား အကျဉ်းသမားများမှာ မိမိတို့ကံကြမ္မာကို ဗေဒင်တွက်၍ မကြည့်တတ်သောကြောင့် စိတ်လေးလေးနှင့်ပင် ကွေးကာ အိပ်ပျော်လျက် လိုက်ပါသွားရှာသတည်း။

နံနက်မိုးလင်းသော် တောတန်းကလေး နောက်ခံရှိသော ကွင်းပြင်ကလေးတစ်ခုသို့ ရောက်လာသည်။ မိုးမှာ လင်းကာစဖြစ်၍ တောတန်းမှာ မှိုင်းဝေ၍ နေသည်။ ကောင်းကင်မှာ မလင်းတလင်း အုံ့တုံ့တုံ့နှင့်မို့ အလိုမကျ၍ မျက်မှောင်ကြီး ကုပ်နေဘိသို့ ရှိသည်။

ငဘ အိပ်ရာက နိုးသော် ဘေးပတ်လည်၌ ဂျပန်မှ လွဲ၍ အကျဉ်းသမားများနှင့်အတူ ဖြိုးတုပ်တစ်ဦးသာ တွေ့ရတော့သည်။ ရဲသားတို့မှာကား ညက သူတို့ကို ဂျပန်စစ်ဗိုလ်က ဘယ်နေရာမှာ ချထားခဲ့သည်မသိ၊ မရှိပြီ။ ဖြိုးတုပ်ကမူ စိတ်ပူသော မျက်နှာထားနှင့် ရဲသားကိုလွှတ်လျှင် သူ့ကိုပါ လွှတ်ရမည်မှာ မလွှတ်ဘဲ ဘာ့ကြောင့် ခေါ်လာလေသည် မသိဟု ပြောသည်။ တကယ်လွှတ်တောင်မှ သူလည်း မနေရစ်ခဲ့လိုပါ၊ ဂျပန်တို့နှင့်အတူသာ လိုက်ပါမည် ဖြစ်ပါသည်။ သို့သော် လွှတ်ဖို့ လေသံမျှပင်လျှင် စစ်ဗိုလ်ကြီးက မပြောသည်မှာ ဘာဂလိုတိုတို ရှိသည်ဟု ဆိုသည်။ ဖြိုးတုပ်မှတစ်ပါး အားလုံး သူတို့မှာ မတုပ်မလှုပ် ရှိကြသည်။

ကမ်းတွင် ဆိုက်ပြီးသော် ဂျပန်တို့က ပါလာသော ရေနွေးဘူးထဲမှ လက်ဖက်ရည်ကြမ်းတို့ကို ဖီးကြမ်းငှက်ပျောသီးနှင့် သောက်သည်။ ပြီးလျှင် ဂျပန်လေးယောက် ခြံရံ၍ ဖြိုးတုပ်၊ ငဘ၊ သခင်မျိုးညွှန့် ဦးသာဂေါင်ပါ အခြားလူငယ် ငါးယောက်တို့နှင့်အတူ ကမ်းပေါ်သို့ ထုတ်သွားသည်။ ပေါက်တူးနှစ်လက်လည်း ယူလာသည်။ ဂျပန်တစ်ယောက်လက်၌ ဓားလွယ်တစ်ချောင်း ကိုင်လျက် ပါလာသည်။ တောစပ်နှင့် ကိုက်နှစ်ရာ မရှိတရှိ ဝေးသော ကျွဲစားလျက် ကုန်းပြင်ကလေးသို့ ရောက်သောအခါ လူကိုးယောက်ကို တစ်ယောက်လျှင် သုံးတောင်လောက် ခြားပြီး ရပ်ခိုင်းသည်။

ဦးသာဂေါင်ကြီးက "သူတို့ ကျုပ်တို့ကို စစ်မလို့ထင်တယ်" ဟု ဆို၏။

ဖြိုးတုပ်က "မဟုတ်ဘူး၊ ဒီအကောင်တွေ ထမင်းချက်စားမလို့လား၊ ချီးယိုမလို့လား၊ တစ်ခုခုပဲ၊ ဒါကြောင့် တွင်းတူးခိုင်းတာပဲ" ဟု ဆို၏။

"ဟား....ဟား...." ဟု တစ်ယောက်သော လူငယ်က ကြောက်စရာအသံဖြင့် ရယ်သည်။ "ဟေ့-မျိုးဖျက်ကြီးရဲ့၊ အရွယ်ကိုတော့ အားနာပါရဲ့ ခင်ဗျာ။ နင်-ဒီလောက် ဂျပန်တွေနဲ့ပေါင်းပြီး အကြောင်းမသိသေးဘူးလား။ ကိုယ့်သေတွင်း ကိုယ်တူးခိုင်းတာဟ....မသေမချင်းမှတ်" ဟု ပြောသည်။

သခင်မျိုးညွှန့်က "ရဲဘော်အားလုံး ဘုရားသာ အာရုံပြုကြ။ ကျုပ်လုပ်ငန်းတော့ အောင်မြင်စွာနှင့် အဆုံးသတ်ပြီ။ ဟောဟို ခွေးမသား တိုင်းပြည်သစ္စာဖောက်တဲ့ အကောင်လဲ ကျေးဇူးအကြီးအကျယ် ခံစားရမှာပဲ။ နင့်အဖေ ဂျပန်တွေနဲ့ သေရာမှာ သွားပြီး တွေ့ချေ" ဟု ဆိုလိုက်၏။

ဖြိုးတုပ်မှာ ခြောက်နေသော ကနစိုငုပ်ကြီး အရင်းကလဲသလို ဗိုင်းကနဲ လဲလေ၏။ ဂျပန်တစ်ဦးက လာထူ၏။ ဂျပန်လိုရော၏၊ လာထူသောဂျပန်က ခေါင်းခါ၏။ ငဘတို့ လူသိုက်မှာ နားမလည်သော်လည်း ကိုယ်အမူအရာအားဖြင့် ချင့်ချိန်၍ သိရ၏။ ဖြိုးတုပ်က သူသည် ဗိုလ်ကြီး မာစတာအတွက် အများကြီး ဆောင်ရွက်ခဲ့သည် ပြော၏။ သူသည် ဂျပန်ကို တကယ့်အကူအညီပေးခဲ့သည် ဆို၏။ သူ့ကို သတ်မည်ဆိုလျှင် လူမှား၍ ဖြစ်မည်။ ဗိုလ်ကြီး မာ့စတာကို ပြန်မေးဖို့ ကောင်းသည်ဟု ပြောသည်။

ဂျပန်က ဗမာလို ပြန်ပြောသည်။ "မင်း-လိမ်ဒကား၊ မကောင်းဘူး ရှိဒကား၊ နင်-တိရမာ သူခိုးပဲ၊ စစ်တပ်ကိုနော် နည်းနည်းကလေး ပြန်ပေးတယ်၊ ဒါကြောင့် အပြစ်ရှိတယ်နား၊ ဂျပန်ဆီကို လာတယ်နား၊ အလုပ်လုပ်တယ်နား၊ စိတ်ထဲက အများကြီးမကောင်းဘူး" ဟု ဆို၍ နားထင်ကို သေနတ်ဒင်နှင့် ဆောင့်လိုက်၏။

မျိုးညွှန့်က "ဟေ့-ဗမာပီပီ သေလိုက်စမ်းပါကွာ၊ ကြောက်မနေပါနဲ့၊ ကဲ ကြာတယ်ဗျို့၊ မြန်မြန်သေ မြန်မြန်အိပ်ရတာပဲ" ဟု ပြောပြောဆိုဆိုနှင့် ဂျပန်လက်က တူးရွင်းကို ယူ၍ တွင်းကို စတင်၍ တူးလေ၏။

ဂျပန်တစ်ယောက်က တူးရွင်းကို ဖြိုးတုပ်လက်ထဲ လာထည့်၏။ ဖြိုးတုပ်က အမဲသတ်ရုံထဲ အဆွဲခံရသော နွားအိုကြီးကဲ့သို့ တူးရွင်းကိုင်ပြီးလျှင် သခင်မျိုးညွှန့်အနီးတွင် တွင်းတူးမည်ဟု မြှောက်လိုက်၏။

သခင်မျိုးညွှန့်က ဘာမပြော ညာမပြော ဖြိုးတုပ်၏ ဘေးကို ပိတ်ကန်လေ၏။

"ခွေးမျိုး-ဝက်မျိုး၊ နင့်လိုအကောင်မျိုးက ငါ့တွင်းနဲ့ တစ်တန်းတည်း လာတူးရသလား၊ နောက်ဆုတ်" ဟု ဆိုလိုက်၏။

"မာ့စတာရယ်၊ မာ့စတာ တိုကျိုပြန်ရင် တိုကျိုအထိ ခြေဖက်ပြီး လိုက်ပါရစေ၊ ကျွန်တော့်ကို မသတ်ပါနဲ့၊ တစ်ခါထဲသာ ခေါ်သွားပါ" ဟု ဖြိုးတုပ်က ဘေးအောင့်ရာမှ ဂျပန်တစ်ဦးကို လှမ်း၍ ပြော၏။

ငဘ စိတ်ထဲမှာ မိနီကလေးမှာ မြင်ယောင်လျက် ရှိသည်။ အရက်မူးမူးနှင့် ဦးသောဘိတ ကျောင်းထဲမှာ မိဖော့ကို လက်ဆွဲသော ဖြိုးတုပ်၏အသံသည် သည်လို ညောင်နာနာ လေသံမျိုး မဟုတ်။ မိနီကို လူဖြစ်ရှုံးအောင် ကြံစည်စဉ်ကလည်း သည်လို ပတ်ချွဲ နှပ်ချွဲ လုပ်မည်မထင်။ ခွေးမသားကို မသေမီ တစ်ချက် တွယ်ရလျှင် ကောင်းမှာပဲ။ လက်ထဲလည်း ဘာမျှမရှိ ဂျပန်တွေကလည်း ဝိုင်းလို့၊ အို....သေခါနီးမှာမှ ဒီအကောင်တွေ ကြောက်နေလို့ မဖြစ်တော့ဘူး။ မဖြစ်တော့ဘူး။

ငဘက ဖြိုးတုပ်လက်ထဲက ပေါက်ပြားကို ဝင်လု၏။ ဂျပန်က ဖြိုးတုပ်အရင် တူးပါရစေဟု ပြောကာ ငဘကို တားထား၏။ ငဘလည်း ဖြိုးတုပ်ကို လုပ်ဖို့ရာမှာ လက်သီးနှင့် ဒူးသာ ရှိတော့သည်ကို သိရ၍ လက်သီးနှစ်လုံး စုချိန်ပြီးလျှင် ညာဒူးကို အသာကြွ၍ ဖြိုးတုပ်နှင့် ကိုယ်လုံးချင်းပြေး၍ ရိုက်၏။

ငဘ၏ လက်သီးနှင့် ဒူးအရှိန်ကြောင့် ဖြိုးတုပ်မှာ မေ့မြော၍ လဲကျသွားလေသည်။ ဂျပန်ကလည်း ငဘကို သေနတ်ဒင်နှင့် ကျောကို ရိုက်ပြီးလျှင် ဖြိုးတုပ် တွင်းမတူးနိုင်တော့သည်နှင့် ငဘအား နှစ်တွင်း တူးခိုင်းလေသည်။ ငဘလည်း စိတ်လိုက်မာန်ပါ ရှေ့တစ်တွင်း တူးပြီးလျှင် ဖြိုးတုပ်အတွက် နောက်တန်းကျကျ ခပ်ဝေးဝေးမှာ တစ်တွင်းတူး၏။ ကျန်အကျဉ်းသမား ဦးသာဂေါင်နှင့် လူငယ်များမှာလည်း အစိမ်းသရဲ စီးနေသည့် မျက်နှာထားမျိုးနှင့် သူတို့၏ တွင်းကို သူတို့ တူးကြလေ၏။

နိုင်ငံရေးနှင့် ပက်သက်သည်ဆိုသော လူရှစ်ယောက်မှာ ရှေ့တန်းမှ စီ၍ နေသည်။ နောက်တန်းမှ ဖြိုးတုပ်မှာ ဇက်အစင်းသားနှင့် တွင်းဝ၌ ပုံ၍ လဲနေသည်။

'ကဲ....ကိုငဘ၊ သွားပြီးနော်။ တိုင်းပြည်အတွက် ကျုပ်တို့ အသေခံရတာမှာ ကျုပ်တို့ဟာ ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ အရင်၊ လွတ်လပ်ရေး ရလိုက်တာပဲ' ဟု သခင်မျိုးညွှန့်က နှုတ်ဆက်၏။

လူသတ်သမား ဂျပန်က ဓားကြီးကို လွှဲလွှဲပြီး ဝင့်ကာ ချိန်ဆနေ၏။ ငဘက ဂုတ်စင်းပေးရင်း၊ သခင်မျိုးညွှန့် ခေါင်းဖြတ်သည်ကို တစေ့တစောင်း ချောင်းကြည့်မိ၏။

သခင်မျိုးညွှန့်သည် တွင်းဝ၌ ဒူးထောက်လိုက်၏။ ရင်ကိုကော့၍ ဦးခေါင်းကို မော့လိုက်၏။ 'တို့ဗမာ' ဟု အော်၏။ သူ့အော်သံသည် တစ်ဖက်က တောတန်းထဲသို့ ဂယက်ရိုက်ကာ ဝင်သွားလေ၏။

လေထဲတွင် 'တို့ဗမာ' ဟူသော အသံကြီးသည် အဆင့်ဆင့် မြည်ဟည်းနေစဉ် သူသတ်ဂျပန်၏ ဓားလွယ်မှာ ရ့ွှီခနဲ မြည်သွား၏။ သခင်မျိုးညွှန့်၏ တုံးတိတိ ခန္ဓာကိုယ်မှာ ခေတ္တမျှ ဒူးထောက်ထိုင်လျက်သား မတုပ်မလှုပ် နေ၏။ လည်ပင်းသွေးကြောနှစ်ခုမှ အနီရောင်များ အပေါ်သို့ ဝေါဝေါမြည်ကာ ပန်းတက်သည်မှာ ငဘ မျက်စိထဲမှ တစ်သက်ထွက်နိုင်တော့မည် မဟုတ်ချေ။ ပြီးမှ သခင်မျိုးညွှန့်၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်သည် တွင်းထဲသို့ ကျသွားလေရာ ဝုတ်ခနဲ အသံကြားလိုက်သည်။

ဦးသာဂေါင့်အလှည့်သို့ ရောက်လာပြီ၊ ကျေးဇူးရှင်ကြီးတော့ ကိစ္စချောတော့မှာပဲ။ လက်တို့တတ်သူတွေကလဲ သူတို့နဲ့ မတည့်တိုင်း လက်ညှိုးနှင့် ထိုးတော့တာပဲ၊ ဒီလိုအချောင်ပါရတဲ့လူတွေ ငါတို့ တောသူတောင်သား ဗမာများထဲမှာ အနမတဂ္ဂနေမှာပါပဲ။ သူ့အလှည့်ပြီးရင် လူငယ်သခင်လေး သုံးဦးပဲ။ ပြီးလျှင် ငါပဲ။ ပြီးလျှင် ညာဘက်က နှစ်ယောက်။ အင်း-သေရမှာပါကလား။ မကြောက်နဲ့ဆိုပေမယ့် တကယ်ဆိုတော့ တကယ်ကြောက်စရာကြီးပဲ။ မိဖော့ရေ ဆွမ်းသွတ်ရင် ငါကြားလောက်အောင် ခပ်ကျယ်ကျယ်ကလေး အမျှဝေနော်။ သွားပြီ-သွားပြီ သမီးအဖြစ်ဆိုးရှာတဲ့ သမီးကလေးရဲ့။ တောသူဖြစ်ရတဲ့အတွက် တယ်နစ်နာတာပဲနော်။

ငဘက ဟိုဟိုဒီဒီ လှည့်ကြည့်သည်။ တောတန်းဘက် မျက်နှာမူသည်။ ဒီတောတန်းကို ငဘ သိသည်။ မုဆိုးလမ်း ဆိုသော အမဲလိုက်သမားတို့ သွားရာလမ်းကြောင်းကလေးက သွားလျှင် နေထန်းတဖျား နီးနီးလောက်ဆိုလျှင် ကျားသေရွာကို ရောက်မည်။ ဂျပန်က အားလုံးမှ လေးယောက် ဖြစ်သည်။ အသတ်ခံရမည့်သူတွေမှာ လက်ကိုသာ နောက်ပြန်ချည်ထားသည်။ ဟိုထောင့်-သည်ထောင့် စသည်မှာ ဂျပန်သုံးယောက် လူခွဲစောင့်ကြသည်။ မသကာရိုင်ဖယ်နှင့် ပစ်လို့ထိလျှင်လဲ ကံကုန်ချင်လို့ပဲ ဆိုရမည်။ ခုနေများ ပြေးရင်တော့ လွယ်တာပဲ။ စိတ်အေးလက်အေးနှင့် စဉ်းစားကြည့်တော့လဲ ဒီနေရာမျိုးမှာ သေမယ့်နောက် မထူးဘူး ဆိုပြီး စွန့်ကြည့်လျှင် မမှားပါဘူး။

ဦးသာဂေါင်၏ ဦးခေါင်းပေါ်၌ ဓားပင့်၍သွားသည်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ စသည်ဖြင့် သူသတ်ဂျပန်က အရှိန်ယူနေသည်။ ငဘ၏ ကိုယ်ခန္ဓာမှ အသီးသီး အသက အသကသော အကြောအခြင်တို့က ဂျပန်ဓားလွတ်နှင့် အရှိန်ယူနေသည်ကို အမှတ်ပြု၍ တစ်၊ နှစ်၊ သုံး ဟု ဆိုကာ အရှိန်ယူနေကြသည်။

နောက်ဆုံးတစ်ချက်၌ ဓားလွယ်မှာ ဦးသာဂေါင်၏ ဂုတ်ပေါ်ကျပြီး ချွင်ခနဲ မြည်သွားသည်။

ငဘလည်း သူ့ရှေ့က တွင်းကို လွှားခနဲခုန်ကာ တောတန်းဘက်သို့ ခြေကုန်သုတ်သည်။ တောတန်းထဲသို့ လေးငါးလှမ်းအလိုမှာ နောက်မှ သေနတ်ပစ်သံ တစ်ချက်ကြားသည်။ ရွှီခနဲ ခေါင်းပေါ် ကျော်သွားသည်။ တောတန်းထဲသို့ ရောက်သော် တစ်ချက်ကြားရပြန်သည်။

သို့သော် အရေးစိုက်ဖို့မလိုြ့ပီ။ သူတို့က သူတို့လမ်းသွားလျှင် ငဘက ငဘလမ်းငဘ လိုက်မည် ဖြစ်သည်။ သေတွင်းက လွတ်သည်ဆိုသည်မှာ ဒါမျိုးမှ တကယ်လွတ်ခြင်း ဖြစ်သည်။

ငဘက ရှေးဟောင်းနှောင်းဖြစ် စားမြုံ့ပြန်သည့်အခါများ၌ "ဝဋ်ကြွင်းကလေး ကျန်သေးလို့ နောက်ချန်နေရစ်ခဲ့တာဟေ့" ဟု လေးလေးကြီး ပြောလေ့ရှိသည်။

မောင်ထင်ရေးသားသော ဂန္တဝင်မြောက် ပင်ကိုယ်ရေးဝတ္ထု စာအုပ်မှ ကူးယူဖော်ပြသည်။

Share this article