fbpx ငါးရှဉ့်ကို ဘယ်သူသတ်တာလဲ | Hap Eye
Skip to main content
HapEye Knowledge Sharing

ငါးရှဉ့်ကို ဘယ်သူသတ်တာလဲ

၁၉၉၁ ခုနစ်ဝန်းကျင်က အင်းစိန်ထောင်ထဲမှာ ဘိန်းစားတွေ အလွန်ပေါတယ်။ ဘိန်းစားအများစုက ပိုက်ဆံ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာသူတွေဖြစ်ပါတယ်။ ထောင်ကျခဲ့ပေမယ့် မိဘတွေရဲ့ အရှိန်အဝါကြောင့် ထောင်ထဲမှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေကြရပါတယ်။ ထောင်အာဏာပိုင်တွေကို ‘လိုင်း’ ဝင်ထားတဲ့အတွက် ရဲဘက်စခန်းကိုလည်း ထွက်စရာ မလိုပါဘူး။ ထောင်ထဲမှာ ကောင်းကောင်းနေရပြန်တော့ ဘိန်းစား တွေက ထောင်ထဲမှာ ဘိန်းစားချင်လာပြန်တယ်။ ဒီတော့ နည်းမျိုးစုံ နဲ့ခိုးသွင်းကြတယ်။ ထောင်ထဲက ဂန္တဝင်လူမိုက်ကြီးတွေကလည်း ဒီအချက်ကိုမြင်သွားတော့ ကိုယ်တိုင် ရောင်းဝယ်ဖောက်ကား ကိစ္စတွေ လုပ်လာကြတယ်။ ထောင်ထဲမှာ ဘိန်းရောင်းတယ်ဆိုတာ အန္တရာယ်ကြီးပေမဲ့ မြိုးမြိုးမြက်မြက်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ လူမိုက်ကြီးတွေက သူတို့ကို အချိန်မရွေး အန္တရာယ်ပေးနိူင်တဲ့ ထောင်ဝါဒါတွေကို ချက်ချင်း ‘ချုပ်’ လိုက်တယ်။ ပိုက်ဆံရတော့ ဝါဒါတွေလည်း မသိချင်ယောင်ဆောင် တတ်သွားတာပေါ့။ 

ဒီလိုနဲ့ အင်းစိန်ထောင်ထဲမှာ ဘိန်းဖြူရော၊ ဘိန်းမည်းရော ပေါပေါ လောလော ရလာတယ်။ အဆောင်တွေမှာ ရှိတဲ့ အများသုံး အိမ်သာ မှာ ကျွန်တော်တို့အိမ်သာတက်ရင် ဘိန်းထိုးနေတဲ့သူတွေကို တွေ့ရ တတ်တယ်။ သူတို့ကို လှမ်းကြည့်မိရင် “ဟေ့ကောင်…ဘာကြည့်တာလဲ၊ ကိုယ့်ကိစ္စမဟုတ်ရင် မဆိုင်သလိုနေ” လို့ အကြိမ်းအမောင်းခံရတတ်တယ်။ ပြဿနာမတတ်ချင်တဲ့အတွက် အားလုံးက မသိကျိုးကျွံ ပြုနေကြရတယ်။ ထောင်ထဲကို ဘိန်းခိုးသွင်းတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ထောင်ထဲကို ဝင်လာတဲ့ အမျိုးအစား ထဲမှာ ဘိန်းဆီလို့ ခေါ်တဲ့ ဘိန်းမည်းက ဈေးအချိုဆုံးပါပဲ။ ဘိန်းစားတွေက အကျဉ်းထောင် ဥပဒေရဲ့ လစ်ဟာနေတဲ့ အခြေအနေတွေကို ကြည့်ပြီး အသုံးချ တတ်တယ်။ သူတို့တွေက ဘိန်းစားပေမယ့် ဉာဏ်ကောင်းတယ်။ ဘိန်းမည်းကို ဘယ်လိုသွင်းသလဲဆိုတော့ အင်းစိန်ထောင်ဝမှာ အကျဉ်းဦးစီဌာနက ရောင်းတဲ့ မြေပဲယိုထုပ်တွေရှိတယ်။ မြေပဲယိုတွေကို အထပ်လေးတွေအတိုင်း ပလပ်စတစ်ထဲထည့်ပြီး အထုပ်လိုက် ရောင်းတာကိုး။ ဘိန်းခိုးသွင်းမဲ့သူက အဲဒီမြေပဲယိုထုပ် ကိုဖြည်ပြီး ထန်းလျက်ရည်နေရာမှာ ဘိန်းဆီတွေရောလိုက်တယ်။ ပြီးတော့မှ ပလပ်စတစ်ကို ပြန်ပိတ်ပြီး ထောင်ဝင်စာမှာ သွင်းပေး လိုက်တယ်။ အဆောင်ရောက်တော့ ဘိန်းစားက မြေပဲယိုလေး တစ်ကိုက် ကိုက်လိုက်၊ ရေနွေးလေးသောက်လိုက်နဲ့ မူးယစ် ရီဝေပြီး ‘ကောင်း’ သွားတာပေါ့။ 

နောက်တစ်နည်းကတော့ အင်းစိန်တစ်ထောင်လုံးလိမ်းနေကြတဲ့ ဖိုးဝသနပ်ခါးခဲထဲကိုထည့်ပြီး သွင်းတာပါပဲ။ ဒီပုံစံမှာ ဘိန်းဖြူကို သွင်းတာများပါတယ်။ ဘိန်းဖြူကိုပလပ်စတစ်နဲ့ထုပ်ပြီး အစိုခံ ထားတဲ့ သနပ်ခါးခဲထဲကို မြုပ်လိုက်တယ်။ ပြီးတော့ နေအခြောက်ခံပြီး သနပ်ခါးခဲတံဆိပ်ကိုပြန်ကပ်လိုက်တယ်။ လူတစ်သောင်းရှိတဲ့ ထောင်မှာ နေ့စဉ်ရာချီပြီးသွင်းနေတဲ့ သနပ်ခါးခဲထဲက ဘိန်းဖြူထုပ်ကို ရှာဖို့ဆိုတာ အင်မတန် ခက်ပါတယ်။ ထောင်သားတွေကလည်း သနပ်ခါး လွတ်လိမ်း ကြတာ။ သနပ်ခါးခဲက ဓားနဲ့လည်းထိုးလို့မရဘူး။ အမှုန့်ချေပစ် မှသာ ဘိန်းဖြူထုပ်ထွက်လာတာပါ။ တတိယတစ်နည်းကတော့ ဝမ်းချုပ်ရောဂါရှိတဲ့ အကျဉ်းသား တွေကို တိုက်ရိုက် ထိခိုက်ပါတယ်။ အဲဒီအချိန်က ဝမ်းချုပ်တတ်တဲ့သူတွေအတွက် ထောင်ထဲမှာ လုပ်သားမောင် ဝမ်းနှုတ်ဆေး ကိုပဲ အားကိုးရတာပါ။ ဘိန်းစား တွေက ဆေးနဲ့အရောင်တူနေတဲ့ ဘိန်းမည်းတွေကို လုပ်သား မောင်ဆေး နဲ့ ရောပြီး သွင်းတာမိသွားလို့ နောက်ဆိုရင် ထောင်ထဲ ကို လုပ်သားမောင်ဆေး သွင်းလို့မရတဲ့ အခြေအနေထိ ဖြစ်ခဲ့ ပါတယ်။ 

ထောင်မှာ ဘိန်းမိလို့ စည်းကမ်းတင်းကျပ်ရင်လည်း ဘိန်းစား တွေကတော့ မရရတဲ့နည်းနဲ့ ရှာကြံသွင်းကြတာ ပါပဲ။ နောက်ဆုံး တစ်နည်းကတော့ အမှုရင်ဆိုင်ပြီးပြန်လာတဲ့ အကျဉ်းသားတွေက ခန္ဓာကိုယ်ထဲကို ထည့်ပြီး သွင်းလာတာမျိုးပါပဲ။ အပြင်ရုံးထွက်မှာ ပလပ်စတစ်နဲ့ထုပ်ထားတဲ့ ဘိန်းဖြူတွေကို စအိုထဲထည့်ပြီး ထောင်ထဲ ရောက်မှ မိလ္လာဘုတ်ကိုင်ကို ဆေးလိပ် နှစ်လိပ်ပေးပြီး စအိုထဲက ဘိန်းကိုထုတ်ပါတယ်။ ဘုတ်ကိုင်က သူတို့ကို ဂုန်နီအိတ်စ ပေးပြီး အကာအကွယ် ပေးပါတယ်။ တစ်ခါတစ်ရံ မစင်တွေနဲ့ပေကျံနေတဲ့ ဘိန်းထုပ်ကို ရေသေချာ ဆေးပြီး အလုအယက် ရှုကြတော့တာပါပဲ။ တချို့က ပြောင်းပေါ်တင်ပြီး ရှူတယ်။ တချို့က ဆေးထိုးအပ်နဲ့ ထိုးတယ်။ တစ်ခါတစ်ရံ ဘိန်းဖြူကို ကြုံရာရေနဲ့ဖျော်ပြီး ထိုးကြတာပါပဲ။ အရမ်းရင့်နေတဲ့ သူကတော့ သွေးကြော ကို ဘလိတ်ဓားနဲ့ခွဲပြီး အမှုန့်သိပ်တယ်။ အဲဒါက အာရုံကြောကိုပိုပြီးထိတယ်လို့ ပြောတာပဲ။ ဒါကြောင့် ထောင်ထဲမှာ HIV ရောဂါရသွားသူတွေ အများကြီးပါပဲ။

ဆေးရှူသူတွေအတွက် စီးကရက်ဘူးခွံထဲက ငွေရောင်စက္ကူဟာ မရှိမဖြစ်လိုအပ်ပါတယ်။ မျက်နှာမွဲ ဘိန်းစားတွေ ကတော့ သူဌေးတွေ နားကပ်ပြီး သူတို့ပါးစပ်ကထွက်လာတဲ့ အငွေ့တွေကို လိုက်ရှူလေ့ရှိတယ်။ ဒါကြောင့်လည်း ထောင်ထဲကိုရောက်လာတဲ့ နာမည်ကျော် အနုပညာသမား တစ်ယောက်က ထောင်ထဲမှာ ဘိန်းရှူရတာ လုံခြုံလွန်းလို့ အရမ်းစိတ်ချမ်းသာတာပဲလို့ ပြောခဲ့ဖူး ပါတယ်။

ရုံးထွက်အကျဉ်းသားတွေက စအိုထဲကို ဘိန်းထည့်ပြီးသွင်းလို့ မိသွားရင်တံခါးမကြီးမှာ အထူးရှာဖွေရေး လုပ်တတ်ပါတယ်။ ရန်ကုန်မြို့နယ် အသီးသီးက ရုံးထွက်ပြီးပြန်လာတဲ့ အကျဉ်းသား တွေကို စစ်ဆေးဖို့ လက်အိတ်စွပ်ပြီး ဆပ်ပြာရေခွက်ကို ကိုင်ထားတဲ့ စည်းကမ်းထိန်းတွေက အသင့်စောင့်နေပါတယ်။ ထောင်ထဲကို ပြန်ဝင်လာတဲ့ အကျဉ်းသားတွေက တန်းစီပြီး သူတို့ရှေ့ရောက်ရင် ကုန်းပေးရပါတယ်။ စည်းကမ်းထိန်းတွေက လက်အိတ်စွပ်ထားတဲ့ လက်နဲ့ ဆပ်ပြာရေဆွတ်ပြီး စအိုရှာဖွေရေးလုပ်ပါတယ်။ ဒီနေရာမှာလည်း ထောင်တွင်း အပေးအယူတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းပါလာတဲ့အကျဉ်းသားက ရှာဖွေရေး လုပ်တဲ့သူကို မျက်စိမှိတ်ပြလိုက်ရင် ရှာတဲ့သူက ဝေပုံကျရတော့ မယ်လို့ သိလိုက်ပါတယ်။ ဒါကြောင့်ရှာဖွေရေးလုပ်တဲ့အခါမှာ အထဲကိုမနှိုက်ဘဲ လက်ညိုးကိုကွေးပြီး ရှာချင်ယောင်ဆောင် လိုက်ပါတယ်။ ပြီးတော့သွားခွင့်ပြုလိုက်ပါတယ်။ နောက်မှ သူ့ရဲ့အဆောင်ကိုလိုက်သွားပြီး ဘိန်းဖြူဝေစုခွဲယူတာပါ။

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဗဟိုစံပြအင်းစိန်ထောင်မှာ ဘိန်းဖြူတွေ၊ ဘိန်းမဲတွေ ဥဒဟို ဝင်ရောက် နေတာနဲ့ ပတ်သတ်ပြီး အကျဉ်းဦးစီးဌာနကလည်း ပိုင်ပိုင်နိူင်နိူင် မကိုင်တွယ်နိူင်ခဲ့ပါဘူး။ နဝတ အစိုးရ ရဲ့ပေါ်လစီအရ ရန်ကုန်မြို့ရဲ့ ဆိုးသမျှ မိုက်သမျှ လူဆိုးအားလုံးကို အင်းစိန်ထောင်ထဲ စုပြုံ ထည့်ထားမှတော့ ကြီးနိူင်ငယ်ညှင်းကိစ္စတွေ၊ ချွတ်တဲ့ခွာတဲ့ကိစ္စတွေ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချ သုံးစွဲတာတွေ၊ လိင်တူ ဆက်ဆံတာတွေ၊ လောင်းကစားပွဲတွေ ထောင်ထဲမှာဖြစ်ပေါ်နေတာ မဆန်းပါဘူး။ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စတွေကြောင့် ထောင်မှူး ထောင်ပိုင်တွေကို ဖိအား ပေးခဲ့တာမျိုး မရှိပါဘူး။ အကျဉ်းဦးစီးဌာန အတွက် ထောင်ဆိုတာဟာ ဘောက်ချာအောင်းဖို့၊ လာဘ်ပေး လာဘ်ယူလုပ်ဖို့၊ ငွေကြေးရှာဖွေဖို့အတွက် အကောင်းဆုံးနေရာ တစ်ခုအဖြစ်သာ ရှိနေပါတယ်။ 

ဒီအချိန်မှာ ငရှဉ့်က မြဂေါင်ကို သတ်လိုက်လို့ စစ်ခွေးတိုက်မှာ လူမိုက်သိက္ခာထပ်ပြီး ဘုန်းမီးနေလ တောင်ပနေ ပါပြီ။ ထောင်ထဲမှာလည်း နာမည်ကြီးရင် မိတ်ဖွဲ့ချင်သူ၊ ထောက်ပံ့ချင်သူ၊ အပိုင်သား ဖြစ်ချင်သူတွေ ပေါပြီး နိမ့်ပါးနေရင်တော့ ဝိုင်းပြီး ထိုးချမဲ့သူတွေပေါပါတယ်။ ငရှဉ့်နဲ့မိုးသူက အမှုမပြီးသေးလို့ စစ်ခွေးတိုက်မှာ ထားပေမယ့် အဆောင်အထိ သြဇာ လွှမ်းမိုး ထားပါတယ်။ အဆောင်က ‘ဇ’ တွေကလည်း ငရှဉ့်တို့အဆောင် ရောက်လာရင် သူတို့ကို မနှိပ်စက်အောင် အခုကတည်းက ကြိုတင်ဖားထားပါတယ်။ စစ်ခွေးတိုက်မှာရှိတဲ့ ငရှဉ့်ကို ရွှေကျီး မုန့်ကြွပ်နဲ့ နို့မှုန့် ပို့ရတာနဲ့၊ စီးကရက်နဲ့ အချို့မှုန့်ပို့ရတာနဲ့ ကော်ဖီမှုန့်နဲ့ ငါးပိကြော်ပို့ရတာနဲ့ လှမ်း ‘ကြပ်’ ထားပါတယ်။ 

ဒါပေမဲ့ လူမိုက်ကြီး ငရှဉ့်က အေးဆေးမနေဘူး။ အဆောင်က အပိုင်သားတွေကို လှမ်းပြောလိုက်တာက “ငါ…ဒါတွေမကြိုက်ဘူး” ဆိုတာပါပဲ။ ဒီစကားကြားတော့ အဆောင်ကလူတွေက သူဘာလိုချင်သလဲဆိုတာ ‘ပေါက်’ သွားတယ်။ ဒါကြောင့် ငရှဉ့်ကြိုက်တဲ့ ဘိန်းဖြူကို အထူးလမ်းကြောင်းနဲ့ မရောက် ရောက်အောင် ပို့လိုက်တယ်။ စစ်ခွေးတိုက်က အခန်းထဲမှာ လုပ်ချင်တာလုပ်ခွင့်ရတဲ့ ငရှဉ့်ဟာ လောဘကြီးပြီး ရောက်လာတဲ့ ဘိန်းဖြူကို ဆေးထိုးပိုက်နဲ့ လက်မောင်းကနေ ထိုးသွင်းနေတဲ့ အချိန်မှာ အချိန်အဆမှားပြီး အကြောလွဲ သွားလို့ Overdose ဖြစ်သွားတယ်။ တာဝန်ကျဝန်ထမ်းတွေသွားကြည့်တော့ အခြေအနေ မကောင်းတော့ပါဘူး။ ပါးစပ်မှာ အမြုပ်တွေ ထွက်နေပြီး အသက် ကုန်ခါနီးနေပါပြီ။ ဒီလိုပြဿနာတွေဖြစ်လာပေမယ့်လည်း အင်းစိန် ထောင်ထဲမှာ ဌာနတွင်း DE၊ PE ဝင်ပြီး ပြီးဆုံးသွားလေ့ရှိပါတယ်။ ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေးတွေကအစ ထောင်ထဲကိုဝင်နေတဲ့ တရားမဝင် ပစ္စည်းတွေပေါ်ကနေ အကျိုးအမြတ်တွေ ဖြစ်ထွန်း နေတာမို့ ဥပဒေအတိုင်း ဖိဖိစီးစီး ဆောင်ရွက်ခဲ့တာမျိုးမရှိပါဘူး။ ဒီလိုနဲ့ ငရှဉ့်လည်း လောကကြီးထဲက လွယ်လွယ်ကူကူ ထွက်ခွာ သွားရတော့တာပါပဲ။ အင်းစိန်မြို့နယ် တရားရုံးကတော့ (၄)ဆောင်မှာ မြဂေါင်ကို သတ်ခဲ့တဲ့အတွက် ထောင်တွင်း လူသတ်မှု မှာ သေသွားတဲ့ ငရှဉ့်ကို ၁၂နှစ်၊ မိုးသူကို ၁၀နှစ် ထောင်ဒဏ် ပြစ်ဒဏ်ပေးခဲ့ပါတယ်။ 

ဂန္တဝင်လူမိုက်ကြီးတွေရဲ့ စိတ်တွေဟာ အကဲဆတ်လွန်းလှပါတယ်။ ထောင်တွင်းပြစ်မှုတစ်ခုကြောင့် စစ်ခွေး တိုက်ရောက်နေတဲ့ လူမိုက်ကြီးနောက်တစ်ယောက်ဖြစ်တဲ့ သားသားရဲ့ အကြောင်း ကလည်း အင်မတန် ထူးဆန်းပါတယ်။ ပြစ်ဒဏ်တိုက်မှာ တစ်ပတ် တစ်ကြိမ် ဝေပေးတဲ့ လက်သုံးလုံးခန့် ရွှေဝါဆပ်ပြာ မလုံလောက်လို့ တောင်းချင်တဲ့အတွက် ထောင်ပိုင်ကြီးကို တွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် သားသားလို အကျဉ်းသား တစ်ယောက်ဆီကို တကူးတက လာရောက် နားထောင်စရာ မလိုအပ်ဘူးလို့ ယူဆတဲ့ အတွက် ထောင်ပိုင် ကလည်း သားသားနေတဲ့ စစ်ခွေးတိုက်ကို မလာခဲ့ပါဘူး။

ဒါကြောင့်သားသားဟာ ပြစ်ဒဏ်တိုက်ထဲက အခန်းဖော် တောင်ဥက္ကလာသား လှဦးကို ဘာရန်ငြိုးရန်စမှမရှိဘဲ အလေး သွားတဲ့ ဂန်ဖလား အောက်မှာခုထားတဲ့ အုတ်နီခဲနဲ့ ညဘက် အိပ်နေတုန်း ထုသတ်ခဲ့ပါတယ်။ ဒီအခါကျမှ ထောင်မှူး၊ ထောင်ပိုင် တွေရောက်လာပြီး အကျိုး အကြောင်းမေးတဲ့အခါမှာ ထောင်ပိုင်ကြီး မလာတဲ့အတွက် သူ့ဆီကိုလာအောင် လူတစ်ယောက် သတ်လိုက်ရတာ ဖြစ်ကြောင်း သားသားက ပြောဆိုခဲ့တဲ့အတွက် တုန်လှုပ် ခဲ့ရပါတယ်။

သားသားက လှဦးကိုသတ်တဲ့ ထောင်တွင်းလူသတ်မှုအတွက် ရုံးထွက်တဲ့အခါမှာ နိူင်ငံရေးအကျဉ်းသားတွေကို “ရက်စက်တဲ့ ဒီတရားရုံးမှာ…ကျုပ်တို့လို မျက်နှာမွဲတွေအတွက် တိုက်ပွဲဝင်ပေးပါ” လို့ တောင်းဆိုခဲ့ပါတယ်။ ခရမ်း သုံးခွက သားသားရဲ့ ထောင်တွင်း အဖြစ်အပျက်တွေကလည်း အံ့သြထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေခဲ့ ပါတယ်။ 

ဇော်သက်ထွေးရေးသားထားသော အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Share this article