fbpx ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်သည် | Hap Eye
Skip to main content
ခင်္သြေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်သည်

ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်သည်

"ပြည့်ဝမ်းကို မဖောက်ရာ၊ ပြည့်ဦးကင်းကို မနှိမ်ရာ၊
ပြည့်တံခွန်ကိုလည်း မလှဲရာ၊ ပြည့်မျက်စိကိုလည်း မဖောက်ရာ၊
ပြည့်စွယ်ကိုလည်း မချိုးရာ၊ ပြည့်မျက်နှာကိုလည်း မဖျက်ရာ၊
ပြည့်ခြေပြည့်လက်ကိုလည်း မဖြတ်ရာ"

(မိဖုရား ဖွားစော)

မြန်မာရာဇဝင်ပါ အထက်ပါ ဆိုစကားသည် တိုင်းချစ်ပြည်ချစ်စိတ် ခေါင်းပါးသူတို့ကို သတိပေး ဆုံးမသော မှတ်သားလိုက်နာဖွယ် ဆိုစကားတစ်ရပ် ဖြစ်သည်။

သို့ရာတွင် တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့သူတို့ကား ထိုစကားကို လိုက်နာဖို့ ဝေးစွ၊ ထိုစကားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် နိုင်ငံတော်ကြီး ပျက်စီးရာ ပျက်စီးကြောင်းကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးဖြင့် လုပ်ကြံအားထုတ်ကြကုန်၏။ ဤသို့ တိုင်းပြည်ကြီး ဖရိုဖရဲ ပြိုကွဲအောင် ဖျက်ဆီးကြရာ၌ ကိုးကွယ်ရာ ဘာသာတရား၏ မျက်နှာကိုပင် ထောက်ထားလေ့ မရှိကြပေ။

သာဓကပြရလျှင် လွန်ခဲ့သည့် အောက်တိုဘာလ ၂၅ ရက်၊ သီတင်းကျွတ်လပြည့်နေ့ နံနက် ၉ နာရီအချိန်ခန့်က ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင် ဆူပူလှုပ်ရှားခဲ့သည့် ဖြစ်ရပ်က အထင်အရှား သက်သေပြခဲ့ပြီးသား ဖြစ်၏။ ထိုနေ့က ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင် ရဟန်းရှင်လူ ပရိသတ်များ အေးချမ်းစွာဖြင့် ဘုရားဝတ်ပြုလျက် ရှိနေကြစဉ် မသမာသူ အဖျက်သမားများ၏ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုအနီးတွင် စုဝေး၍ ဆူပူကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြသဖြင့် ဘုရားဖူးပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရပြီး ဘုန်းတော်ကြီးများနှင့် သီလယူနေဆဲ ဥပုသ်သည်များပါ တရားပွဲများ ပျက်စီးသွားခဲ့ရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားရန် လာရောက်ကြဆဲ ရှိသော ဘုရားဖူးပရိသတ်များမှာ စေတီတော်ပေါ်သို့ မတက်ရောက်နိုင်တော့ဘဲ ပြန်လှည့်သွားခဲ့ကြရသည်။ စင်စစ်မူ သီတင်းကျွတ်လပြည့်နေ့ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပေသည်။ ဤကဲ့သို့သော ဘာသာရေး နေ့ထူးနေ့မြတ်ကိုပင် မရှောင်ကြဉ်၊ ဘုရားရင်ပြင်တော်ပေါ်ကိုပင် မရှောင်ရှား ရမ်းကားလှသည့် အဖျက်သမားတို့၏ ပယောဂကြောင့် ဆန္ဒပြဆူပူသူအချို့ကိုလည်း သက်ဆိုင်ရာမှ ဖော်ထုတ်ထိန်းသိမ်းခဲ့ပြီးလေပြီ။

မည်သို့ဆိုစေ၊ အဖျက်အမှောင့် လုပ်ရပ်တို့၏ အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုးကို ဒီမိုကရေစီကျကျ ဆုံးဖြတ်ဖို့ လိုပါပြီ။ ဒီမိုကရေစီ ကျမကျ သုံးသပ်ဖို့ လိုပါပြီ။ ကမ္ဘာ့သမိုင်း၏ စာမျက်နှာကို ပြန်လှန်၍ ခြေရာခံကြည့်ပါက ရုရှားအာဏာရှင်ကြီး စတာလင်သည် တစ်ခါတွင် ခရစ်ယာန် ရဟန်းမင်းကြီးကို "စစ်တပ် ဘယ်လောက်များ ရှိလို့လဲ" ဟု အားချင်းပြိုင်၍ လှောင်ပြောင်သရော်ခဲ့ဖူးသည်။ ဗကပများကလည်း စတာလင်၏ လေသံကို ဖမ်း၍ ဗုဒ္ဓဘာသာကို စော်ကားကြသည်။ သို့ရာတွင် စတာလင်သာ ကွယ်လွန်၍ သူတို့တိုင်းပြည်တွင်ပင် သူ့ကို ပြစ်တင်ရှုတ်ချမှုများ ရှိခဲ့သည်။ ဗုဒ္ဓဘာသာကို စော်ကားသော မြန်မာပြည်ရှိ ဗကပများသည်လည်း နောက်ဆုံးတွင် ကစဉ့်ကလျား ပြိုကွဲ ကျဆုံးခဲ့ကြရသည်။ ဗုဒ္ဓဘာသာကား တစ်နေ့တစ်ခြား ထွန်းပြောင်နေဆဲ၊ ရွှန်းလက်ဝင်းပြက်နေဆဲပင်။

ဤနေရာတွင် ကိုးကွယ်ဦးခိုက်ရာ ဘုရားစေတီကိုပါ တိုက်ခိုက်စော်ကားခဲ့ကြဖူးသော အဖျက်သမားတို့၏ လုပ်ရပ်တစ်ခုကို ထပ်မံ ဖော်ထုတ်တင်ပြလိုပါသေးသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်က ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတွင် ကေအင်(န်)ယူ သောင်းကျန်းသူ အဖျက်သမားတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းကို ပြည်သူတို့သည် ယနေ့တိုင်အောင် မမေ့နိုင်ကြသေးပါ။ ထိုနေ့၊ ထိုရက်၊ ထိုအချိန်က ကေအင်(န်)ယူ အဖျက်သမားအင်အား ၁၅၀ ကျော်ခန့်တို့သည် ကျိုက်ထီးရိုးဘုရားကုန်း၊ ကျီးကန်းပါးစပ်တောင်ကုန်း၊ မုဆိုးတောင်ဘုရားကုန်း၊ အောင်သိဒ္ဓိဘုရားကုန်းတို့ကို စိန်ပြောင်း၊ လောင်ချာများ အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်သည်ကို ကျိုက်ထီးရိုးဘုရား နယ်မြေလုံခြုံရေး တာဝန်ယူထားသော ပြည်သူ့တပ်မတော်သားများက ဘုရားဖူးပြည်သူများအား စောင့်ရှောက်ကာကွယ်ရင်း ကေအင်(န်)ယူ သောင်းကျန်းသူများကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ကေအင်(န်)ယူ သောင်းကျန်းသူတို့သည် မုဆိုးတောင် ဘုရားကုန်းကို ထိန်းချုပ်၍ ကျိုက်ထီးရိုး ရင်ပြင်တော်ကို သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ဘုရားတန်ဆောင်း ဈေးဆိုင်များရှိ ဘုရားဖူးသူများနှင့် ဈေးရောင်းသူများထံမှ ရွှေ၊ ငွေ၊ ရတနာများ၊ ဘုရားတန်ဆောင်း အလှူခံပုံးများမှ အလှူငွေများ၊ ဘုရားဈေးတန်းမှ လူသုံးကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို လုံယက်ယူငင်၍ ဈေးဆိုင် ၁၃ ဆိုင်နှင့် မီးသတ်အဆောက်အအုံတို့ကို မီးရှို့ဖျက်ဆီးသွားကြသည်။ အဖျက်သမား ကေအင်(န်)ယူတို့၏ တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူငါးဦး သေဆုံးခဲ့ရ၍ ၁၆ ဦး ဒဏ်ရာရရှိခဲ့ရသည်။ ပြည်သူ့တပ်မတော်သားတစ်ဦးမှာလည်း နိုင်ငံအတွက် အသက် ပေးလှူခဲ့ရပြီး ရှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပေသည်။

သောတရှင်တစ်ဦး ရေးသားထားသော လုပ်သားပြည်သူ့နေ့စဉ် ဆောင်းပါးပေါင်းချုပ် အတွဲ(၂) မှ ကူးယူဖော်ပြသည်။

Share this article