fbpx ဘယ်သူတရားပျက်ပျက် ကျွန်တော်တို့မပျက်ပါ (အပိုင်း - ၁) | Hap Eye
Skip to main content
ဘယ်သူတရားပျက်ပျက် ကျွန်တော်တို့မပျက်ပါ (အပိုင်း - ၁)

ဘယ်သူတရားပျက်ပျက် ကျွန်တော်တို့မပျက်ပါ (အပိုင်း - ၁)

မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားသားတချို့ ရံဖန်ရံခါ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာကြပြီး ခြေရှုပ်ကြသည့် သတင်းများကို ကျွန်တော်တို့ ကြားသိနေရပါသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ထုတ် “သည်နေရှင်း” သတင်းစာနှင့် ၁၇ ရက်နေ့ထုတ် “ဗန်ကောက်ပို့စ်” သတင်းစာများတွင် အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားအောရင့်ချ် စီရင်စုမှ ရီပတ်ဘလီကင်ပါတီ ကွန်ဂရက် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရသူ မစ္စတာ ရိုရာဘာဂျာဆိုသူသည် နိုဝင်ဘာလ ၁၅ ရက်နေ့က တဖက်နိုင်ငံ တက်ပြည်နယ် ဖိုဖရာခရိုင် တစ်ဖက်ကမ်း မြန်မာနိုင်ငံ နယ်စပ်အတွင်းရှိ ကေအင်(န်)ယူ ကရင်သောင်းကျန်းသူများ၏ စခန်းတစ်ခုဖြစ်သည့် သေဘောဘိုးစခန်းသို့ တရားမဝင် ဖြတ်သန်းဝင်ရောက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေသော ကျောင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၎င်းက အမေရိကန် ပြည်ထောင်စုသို့ မိမိပြန်ရောက်သည့်အခါ မိမိတွေ့မြင်ခဲ့ရသည်များကို တင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းသားများသည် ဒီမိုကရေစီ ရရှိရေးအတွက် ၎င်းတို့၏အသက်ကိုပင် ပဓာနမထားဘဲ အားလုံးကို စွန့်စားဝံ့ကြောင်း၊ ထို့အတွက် ယင်းကျောင်းသားများအပေါ် ကိုယ်ချင်းစာနာထောက်ထားမှုနှင့် အမေရိကန်၏ ထောက်ပံ့ကူညီမှုကို ရယူထိုက်ကြောင်းဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသော ဂျော့ဘုရှ် အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဌာနနှင့် ကွန်ဂရက်မှ ပုဂ္ဂိုလ်များကို ၎င်းက ပြောကြားမည် ဖြစ်ကြောင်း၊ ၎င်းအပြင် အမေရိကန်အစိုးရက မြန်မာအစိုးရအပေါ် သံတမန်နှင့် စီးပွားရေးနည်းလမ်းအရ ဖိအားပေး ဆောင်ရွက်လာရေးအတွက် ၎င်းအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို ကျောင်းသားများအား ၎င်းက ကတိပေးခဲ့ကြောင်း၊ မြန်မာအစိုးရ ဒီမိုကရေစီလမ်းစဉ် ချမှတ်ပေးပြီး ဒီမိုကရေစီအစိုးရတွင် ပါဝင်ဆောင်ရွက်ဖို့ ကျောင်းသားများအား ပြန်လည်ခေါ်ယူခြင်း မပြုသမျှ ၎င်းက ဖိအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ ရရှိရေးအတွက် အမေရိကန် ပြည်ထောင်စုရှိ လူတန်းစားအလွှာအသီးသီးထံ ၎င်းက သွားရောက်တင်ပြမည် ဖြစ်ကြောင်း၊ ကျောင်းသားများသည် မယုံနိုင်စရာကောင်းသော အန္တရာယ်များနှင့် ထူးဆန်းသော အခြေအနေမျိုးတွင် ဖြစ်သလို နေထိုင်နေကြရကြောင်း၊ ကျောင်းသားများသည် မယုံနိုင်စရာကောင်းသော အန္တရာယ်များနှင့် ထူးဆန်းသော အခြေအနေမျိုးတွင် ဖြစ်သလို နေထိုင်နေကြရကြောင်း၊ ကျောင်းသားအများအပြားသည် ငှက်ဖျားရောဂါ စွဲကပ်နေပြီး အများအပြား သေဆုံးကုန်ကြကြောင်း၊ ကေအင်(န်)ယူ သောင်းကျန်းသူများနှင့် ကျောင်းသားများ စည်းလုံးညီညွတ်မှု ရရှိနေခြင်းသည် စည်းလုံးညီညွတ်သော ဒီမိုကရေစီလမ်းစဉ်လိုက်သည့် မြန်မာနိုင်ငံအဖြစ် ဖြစ်ပေါ်ပြောင်းလဲရေးအတွက် အရေးကြီးသော အချက်တစ်ရပ်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ထိုကိစ္စတွင် ပါဝင်ကူညီသင့်သည်ဟု ယူဆကြောင်း မြန်မာအစိုးရကို အသိအမှတ် မပြုသင့်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မရမချင်း မည်သည့်စီးပွားရေး အကူအညီမျှမပေးဘဲ ကုန်သွယ်ရေးလည်း မပြုလုပ်သင့်ကြောင်း၊ ဗိုလ်ချုပ်ကြီးစောမောင် အစိုးရအား အထီးကျန်ဘဝသို့ ရောက်ရှိစေရေးအတွက် ဆောင်ရွက်ရန် အမေရိကန်အစိုးရအသစ်ကို ၎င်းက တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ခြင်းကို တရားမဝင် ဝင်ရောက်သည်ဟု မယူဆကြောင်း၊ နယ်စပ်ဖြတ်ကျော်ရေး စခန်းသို့ ရောက်ရှိရေးအတွက် ကေအင်(န်)ယူ သောင်းကျန်းသူများက အကူအညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအတွင်း သွားရောက်ရာတွင် သာမန်အရပ်သားတစ်ဦးအဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးကို အကြောင်းမကြားခဲ့ကြောင်း၊ သို့ရာတွင် သံရုံးအကြီးအကဲများကို ၎င်းက အသိပေးခဲ့ကြောင်း စသည်ဖြင့် ရိုရာဘာဂျာက ပြောကြားကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ယခင်က အသံလွှင့်ဌာန သတင်းထောက်နှင့် သမ္မတရုံး၌ ရေဂင်အတွက် မိန့်ခွန်းများ ရေးသားသူအဖြစ် ထမ်းရွက်ခဲ့သူ ရိုရာဘာဂျာက မည်သို့ပင် မြန်မာနိုင်ငံအတွင်းသို့ တိတ်တခိုး ဝင်ရောက်ခဲ့ခြင်းကို တရားမဝင် ဝင်ရောက်သည်ဟု မယူဆကြောင်း ပြောစေကာမူ ယင်း၏လုပ်ရပ်က သက်သေခံနေပါသည်။ ထို့အပြင် ဗန်ကောက်ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရော့စ်ပက်ဇင်းက ရိုရာဘာဂျာ ရီးဂျင့်ဟိုတယ်၌ နိုဝင်ဘာလ ၁၆ ရက်နေ့ညက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ချက်ချင်းထွက်ခွာသည်များနှင့် ထိုင်းနိုင်ငံအတွင်း လှုပ်ရှားဆောင်ရွက်နေသည်များကို မိမိတို့ သိရှိခြင်းမရှိကြောင်း၊ ရိုရာဘာဂျာသည် သံရုံးနှင့် ဆက်သွယ်ခြင်း မရှိခဲ့ကြောင်း၊ ထို့အပြင် ရိုရာဘာဂျာ၏ ခရီးစဉ်သည် တရားဝင်ခရီးစဉ် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းတို့က ရိုရာဘာဂျာအပေါ် ၎င်းတို့၏အမြင်ကို ထင်ဟပ်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းအပြင် ရိုရာဘာဂျာနယ်စပ်ကို ဖြတ်ကျော်ခဲ့သည့် ကိစ္စကို စုံစမ်းစစ်ဆေးရန် တက်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးအရာရှိများအား ဆိုင်ရာမှ အမိန့်ပေးထားကြောင်းလည်း သိရှိရသည်။ သို့ဖြစ်ရာ ဒီမိုကရေစီ အရေး ရှေ့တန်းတင် ရေးသားပြောဆိုနေကြသော နိုင်ငံကြီးများက ရိုရာဘာဂျာကဲ့သို့ ကွန်ဂရက်လွှတ်တော်အမတ်အဆင့်ရှိ ပုဂ္ဂိုလ်များကပင် သူများနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ကာ တရားဝင်အစိုးရနှင့် ပြည်သူကို ဆန့်ကျင်လှုပ်ရှားလျက် ရှိကြသည့် သောင်းကျန်းသူ အဖွဲ့အစည်းများနှင့်တကွ ခေါင်းရှောင်နိုင်ငံရေးသမားတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် နယ်စပ်ဒေသသို့ မသိနားမလည်ဘဲ ထွက်ပြေးတိမ်းရှောင်နေသော ကျောင်းသားများကို သူရဲကောင်းဆန်ဆန် မြှောက်ပင့်ပေးမှုများမှာ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်သော လုပ်ရပ်များဖြစ်ပေသည်။

သောတရှင်တစ်ဦး ရေးသားထားသော လုပ်သားပြည်သူ့နေ့စဉ် ဆောင်းပါးပေါင်းချုပ် အတွဲ(၂) မှ ကူးယူဖော်ပြသည်။

Share this article