fbpx ဘဝ ပစ်တိုင်းထောင် | Hap Eye
Skip to main content
tumbling kelly

ဘဝ ပစ်တိုင်းထောင်

ဟောပြောပွဲတွေလုပ်တဲ့အခါ ပရိတ်သတ်ထဲက မေးချင်တာရှိရင်မေးဖို့ ကျွန်တော် ဖိတ်ခေါ်လေ့ရှိတယ်။ နားထောင်သူက ဟောပြောသွားတာတွေအပြင် သိချင်တာ မေးချင်တာလည်း ရှိတတ်တယ်။

ကျွန်တော့်ဘဝမှာ လက်ကိုင်အဖြစ် ဆောင်ထားတတ်တဲ့ဆောင်ပုဒ်တို့ ဆိုရိုးစကားတို့ရှိရင် ပြောပြပါလို့ တောင်းဆိုသူနဲ့ ကြုံရတယ်။ အဲဒီလိုကြုံရတဲ့အခါ ကျွန်တော် ဘဝအားမာန်အဖြစ် လက်ကိုင်ထားတဲ့ ကဗျာကို ပြန်ရွတ်ပြပါတယ်။

‘လဲသော်ခဏ

ချက်ချင်းထမယ်

ဘဝ ပစ်တိုင်းထောင်’

ဒီကဗျာကို ကျွန်တော် ရေးတာမဟုတ်ဘူး။ ဘယ်သူရေးမှန်းလည်း မသိဘူး။ တစ်ခါတုန်းက ရန်ကုန် တက္ကသိုလ်နယ်မြေ ကမာရွတ် လှည်းတန်းက အပြင်ဘော်ဒါဆောင်တစ်ခုမှာ ငှားနေပြီး သင်တန်းတစ်ခုကို တက်နေခိုက် ကျွန်တော်နေတဲ့အခန်း သုံးထပ်သားနံရံပေါ်မှာ တစ်ယောက်ယောက်က မြေဖြူနဲ့ ရေးထားပစ်ခဲ့တာ။

ကျွန်တော် နှစ်သက်သဘောကျပြီး အလွတ်ရတဲ့ကဗျာ။ ရာစုနှစ်ဝက်လောက် ကျွန်တော် လက်ကိုင်ထားတဲ့ ဘဝအားမာန် ကဗျာပါ။ ကျွန်တော် အခက်အခဲ ဘေးအန္တရာယ်နဲ့ ကြုံရတဲ့အခါ ဒီကဗျာကို ဂါထာတစ်ပုဒ်လိုရွတ်ပြီး အားတင်းတယ်။ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ပါတယ်။

အခက်အခဲဆိုတာကို လူတိုင်း ကြုံရစမြဲပါပဲ။ ကြုံရင် ဘယ်လိုရင်ဆိုင်မှာလဲ။ အရေးကြီးတာက အခက်အခဲကို အရှုံးမပေးဘဲ ရင်ဆိုင်ဖို့ပါ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ စွမ်းအားရှိဖို့၊ သတ္တိရှိဖို့ လိုတယ်။ စိတ်ဓာတ်ရော စွမ်းအားရော သတ္တိရောကတော့ ခုလိုခုထဖြည့် ဘယ်ဟုတ်မှာလဲ။ လေလျော့နေတဲ့ ပူဖောင်းလို လိုတဲ့အချိန် လေထိုးလိုက်ရင် ဖောင်းကားပြည့်တင်းလာသလို ချက်ချင်းတော့ ဘယ်ဖြစ်မှာလဲ။ ကြိုတင် ဖြည့်ထားရမယ်။

အခက်အခဲအကျပ်အတည်းကို အခြားသူတွေ ဘယ်လိုဖြတ်သန်းသလဲဆိုတဲ့ အတွေ့အကြုံတွေကို ကြိုတင်လေ့လာထားရမယ်။ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့်စာတွေ ဖတ်ထားရမယ်။ ဟောပြောချက်တွေ နားထောင်ထားရမယ်။ လောကဓံ နိမ့်မြင့်ကြုံရင် မတုန်လှုပ်ဖို့ ဘာသာရေးအဆုံးအမတွေကို မှတ်သားနာယူ ဖြည့်ဆည်းထားရမယ်။ ကိုယ့်စိတ်နေစိတ်ထားကို ရင့်ကျက်အောင် ပြုစု ပျိုးထောင်ထားရပါမယ်။

အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်တဲ့အခါ စွမ်းအားပြည့်ဝဖို့လည်းလိုပါတယ်။ စွမ်းအားဆိုရာမှာ သူ့ကိစ္စနဲ့သင့်တော်မယ့် ဓန၊ ပညာ၊ ဂုဏ်၊ အာဏာ၊ သိက္ခာ အပေါင်းအသင်းစွမ်းအားတွေ ရှိထားနှင့်ရမယ်။ လူတိုင်းဟာ ဓန၊ ပညာ၊ ဂုဏ်၊ အာဏာတွေနဲ့ ပြည့်စုံနေဖို့တော့ မလွယ်ပါဘူး။ ဒါပေမဲ့ မိတ္တဗလလို့ ခေါ်ကြတဲ့ အပေါင်းအသင်းစွမ်းအားတော့ ပြည့်စုံချင်ရင် ဖြည့်လို့ ပြည့်နိုင်ပါတယ်။

လက်ဝှေ့သမားတစ်ယောက် ကြိုးဝိုင်းထဲမှာ Knock out ကျအောင် အလဲထိုးခံလိုက်ရလို့ မျက်နှာ ကြမ်းပြင်ပေါ်မှာ မှောက်ကျနေတဲ့အချိန်၊ ပြိုင်ဘက်က မာန်တကြွကြွနဲ့ အနိုင်ယူအောင်ပွဲခံဖို့ ပြင်ဆင်နေတဲ့အချိန်၊ ဒိုင်လူကြီးက အရှုံးအနိုင်ဆုံးဖြတ်ဖို့ တစ်-နှစ်-သုံး-လေး ရေတွက်နေတဲ့အချိန်၊ ကိုယ်က အရှုံးပေးလိုက်ရတော့ မှာလားလို့ စဉ်းစားရတဲ့အချိန်။ ဒီအချိန်မျိုးမှာ ကိုယ့်ကိုအရှုံးမပေးဖို့၊ လဲနေရာကပြန်ထဖို့ကိုယ့်ဘက်က အားပေးတဲ့သူတွေရဲ့ အသံနဲ့ အားမာန်တင်းပြီး ပြန်ထ၊ ပြိုင်ဘက်ကို ရင်ဆိုင် အနိုင်ယူတဲ့အဖြစ်မျိုး တွေရှိတယ်။ ဒီအဖြစ်မှာ ကိုယ့်ကိုအရှုံးမပေးဖို့ အားပေးတဲ့ ကိုယ့်ဘက်သားတွေ ရှိနေဖို့လိုတယ်။ ဒီလိုရှိနေဖို့ ကိုယ့်အတွက် မိတ်ကောင်းဆွေကောင်းတွေ ကြိုတင်စုဆောင်းရမှာပါ။

ဘယ်လို စုဆောင်းမှာလဲ။ ကိုယ်က ကိုယ့်အပေါင်းအသင်းတွေအတွက် မိတ်ဆွေကောင်း ဖြစ်ရမယ်။ သူများအရေး သူများကိစ္စမှာ ကိုယ်က ကိုယ့်အရေးကိစ္စလို ပါဝင်ကူညီထားရပါမယ်။ ဒါဆိုရင်တော့ ကိုယ့်အရေးကြုံတဲ့အခါ ဘယ်သူမှ လက်မနှေးဘဲ ကူညီကြမှာပါ။ ကိုယ့်မှာ ဓနအင်အား မရှိရင်တောင်မှ ကိုယ့်မိတ်ဆွေက ဓန၊ ပညာ၊ ဂုဏ်၊ အာဏာရှိတဲ့ သူ့အပေါင်းအသင်းကို အကူအညီတောင်းပေးပါလိမ့်မယ်။

လူတိုင်း သိက္ခာစွမ်းအားရှိဖို့လည်း လိုတယ်။ မဟုတ်မမှန်တာ မတရားတာ မလုပ်တဲ့သူတိုင်းမှာ သိက္ခာစွမ်းအား ရှိတတ်ကြတယ်။ ကံအကြောင်းမလှလို့ ကိုယ့်ကို မတရားစွပ်စွဲခံရရင်တောင်မှ ကိုယ်ကသိက္ခာရှိတဲ့လူဆိုရင်် ကိုယ့်ဘက်က ရပ်တည်မယ့်သူ မရှားပါဘူး။

ကိုယ့်စိတ်ဓာတ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားနိုင်ရင် ဘယ်အခက်အခဲမျိုးကိုမဆို ရင်ဆိုင်အောင်မြင်နိုင်တဲ့ သတ္တိရှိပါတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Share this article