fbpx ပျင်းရင်ဖျင်းတယ် | Hap Eye
Skip to main content
just do it now

ပျင်းရင်ဖျင်းတယ်

လူဆိုတာကတော့ ရမည်လေးရှာရှာပြီး သက်သာသလိုနေချင်တဲ့ သဘာဝရှိမြဲပါပဲ။ အလုပ်တစ်ခု လုပ်ရမယ်ဆိုရင် စောပါသေးတယ်၊ နောက်တောင်မှ ကျသွားပြီ၊ ရာသီဥတုက ချမ်းပါသေးတယ်၊ ပူလိုက်တာ လွန်ပါရော ဒီလိုရာသီမျိုးမှာ ကျီးကန်းတောင် အစာရှာမထွက်ဘူး၊ ဗိုက်က ဒီလောက်ဆာနေတာ အလုပ်ထွက်လုပ်ရင် ကျန်းမာရေး ထိသွားမှာပေါ့ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ရမယ်လို့ ဆိုထားတယ်လေ၊ အစာစားထားတာ ဗိုက်ထဲမှာ ပြည့်အင့်နေတာ ချက်ချင်းထ အလုပ်လုပ်လို့ မဖြစ်ပါဘူးဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျင်းရိတတ်သူတွေလည်းရှိတယ်။

ကျွန်တော်ငယ်စဉ်က ကျွန်တော့ဖခင် ကျောင်းဆရာက တစ်သက်တာမှတ်သားရမယ့် ဆောင်ပုဒ်တစ်ခု ပေးထားတယ်။ ‘ပျင်းရင်ဖျင်းတယ်၊ ဖျင်းရင်ပျင်းတယ်တဲ့’။

အလုပ်တစ်ခုခုလုပ်ဖို့ ပျင်းရိတဲ့အခါ အဖေက ‘မင်းပျင်းနေရင်လူဖျင်းဖြစ်မှာပဲ’လို့ သတိပေးနေသလိုပဲ။ ကိုယ်ဘာကြောင့် ပျင်းနေရတာလဲလို့ မေးခွန်းပြန်ထုတ်မိရင် ‘ပျင်းမှာပေါ့ ကိုယ်ကလူဖျင်းကိုး’လို့ စဉ်းစားလိုက်မိရင် ကိုယ့်ကိုယ်ကိုယ် ကြိမ်တို့လိုက်သလိုပါပဲ။ ပျင်းတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။

ကျောင်းဆရာရဲ့သားဖြစ်တာ ကျွန်တော် ကံကောင်းတယ်။ အဖေက ကျောင်းဆရာဆိုတော့ တပည့်အမြောက်အမြားကို ဆုံးမစကားကို ဆုံးမစကား ပြောလေ့ရှိတယ်။ ကျွန်တော်ကတော့ သူ့သားမို့ ဆုံးမစကားတွေ များများပိုကြားခဲ့ရတာပေါ့။ ကျွန်တော်ကလည်း လူငယ်ဘဝမှာ စာကျက်ရတာပျင်းတယ်။ အဖေ့မျက်စိ ရှေ့မှောက်မှာထိုင်ပြီး စာကျက်ရတဲ့အခါ ရမယ်ရှာပြီး ဟိုဟိုဒီဒီ ထသွားတတ်တယ်။ အများဆုံး လုပ်လေ့ရှိတာကတော့ ရေထသောက်တာနဲ့ ရှူးရှူးထပေါက်တာပေါ့။ ဒီနှစ်ခုကလည်း တစ်ဆက်တစ်စပ်တည်းဆိုတော့ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ အဖေ့စကားတစ်ခွန်းက တော်တော်အထိနာတယ်။ ‘လူပျင်းသေးပေါက်၊ နွားပျင်းရေသောက်’ တဲ့။ ကျွန်တော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းခဲ့ရတာဆိုတော့ နွားနဲ့လည်း မစိမ်းပါဘူး။ လှည်းဆွဲလာတဲ့နွားဟာ ရေချောင်းရောက်ရင် ရပ်တန့်ပြီး ရေသောက်လေ့ရှိတယ်။ နားတာပေါ့။

ရမည်လေးရှာ အကြောင်းကလေးပြပြီး အသက်သာခိုရင် အခိုက်အတန့်တော့ သက်သာပါတယ်။ ဒါပေမဲ့ ‘ငယ်တုန်းမှာ ကိုယ့်ကိုယ်ကိုယ် များများခိုင်းမထားရင် ကြီးတဲ့အခါ သူများခိုင်းတာ ခံရမယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ အောင်မြင်ခဲ့သူတွေက အဆင်မပြေမှု မပြည့်စုံမှုတွေကိုရမယ်ရှာ အကြောင်းပြပြီး ကိုယ့်ဘဝတိုးတက်မှုကို အဆုံးအရှုံးမခံဘူး။ အချို့က အမေသေလို့ ဘဝပျက်ပါပြီလို့အကြောင်းပြတယ်။ အမေသေလို့သာ ဘဝပျက်စတမ်းဆိုရင် သိဒ္ဓတ္ထဟာ ဂေါတမဗုဒ္ဓဖြစ်မလာဘူး။ အချို့က ခေတ်မကောင်းဘူး ညည်းတွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြို့ပေါက်စလေးဖြစ်တဲ့ နတ်မောက်မှာမွေးဖွားပြီး သူ့ငယ်စဉ်ဘဝမှာ ပထမကမ္ဘာစစ်ကို ရင်ဆိုင်ခဲ့ရတယ်။ ခုကာလမှာ သွားရေးလာရေး ချောမွေ့လာပြီဖြစ်ပေမဲ့ တစ်ခေတ်တစ်ခါက ရေတစ်တန် ကုန်းတစ်တန်သွားရတဲ့ ပန်းတနော်မှာနေထိုင်တဲ့ ဦးသန့်ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အထိ ဖြစ်ခဲ့ပါတယ်။

ဘဝမှာ အခက်အခဲတွေ ဒုက္ခတွေ အမျိုးစုံကြုံရတာ ဓမ္မတာပဲ။ အောင်မြင်မယ့်လူဟာ ဒုက္ခတွေ့တဲ့အခါ ကျော်ဖြတ်ဖို့ နည်းလမ်း ရှာတယ်။ ဒီခံယူချက်နဲ့ ဒုက္ခကိုအရင်းတည်ပြီး ကြိုးစားသူက ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်။

လူအမျိုးမျိုး ဘဝအထွေထွေ ရှိကြာတာမို့ ကိုယ့်ကျမှ ဘာဖြစ်ညာဖြစ်ရတယ် ရမည်ရှာ အကြောင်းပြပြီး မနေပါနဲ့။ ဘဝကို လက်မြှောက်အရှုံးမပေးဘဲ ကြိုးစားသူတွေက အောင်မြင်သွားတဲ့ သာဓကတွေလည်း အများကြီးရှိတယ်။ ဆင်ခြေဆင်လက်ပေးပြီး အလုပ်မလုပ်ရင် အလုပ်မဖြစ်တာပဲ အဖတ်တင်တယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော် ပြထားပါသည်။

Share this article