fbpx အာလူးတွေသယ်လာသူ | Hap Eye
Skip to main content
potato carrier

အာလူးတွေသယ်လာသူ

မူလတန်း ကျောင်းတစ်ကျောင်းမှာပါ။ ဆရာမက ကျောင်းသူကျောင်းသားတွေကို ‘မနက်ဖြန်ကျရင် ဂိမ်းတစ်ခုကစားကြမယ်’လို့ ပြောလိုက်တော့ ကလေးတွေ ပျော်ကြတာပေါ့။ ‘ဂိမ်းကစားဖို့အတွက် မနက်ဖြန်ကျောင်းကိုလာရင် အိမ်က အာလူးသီးတွေ ယူခဲ့ကြ’ဆိုပြီး ဆရာမက ပြောတယ်။

‘အာလူးသီးဘယ်နှလုံး ယူခဲ့ရမှာလဲ ဆရာမ’လို့ မေးကြတာပေါ့။ ဆရာမက ‘အာလူးသီးတွေမှာ ကိုယ်မုန်းတဲ့သူရဲ့ အမည်ကိုရေးပြီး အိတ်ထဲ ထည့်ယူခဲ့ရမယ်။ ကိုယ်မုန်းတဲ့လူငါးယောက်ရှိရင် အာလူးငါးလုံး၊ ဆယ်ရောက်ရှိရင် အာလူးဆယ်လုံး ထည့်ယူခဲ့ကြပါ’လို့ ပြောတယ်။ နောက်ရက်မှာတော့ ကလေးတိုင်းဟာ သူတို့မုန်းတဲ့သူတွေရဲ့ အမည်ကိုရေးထားတဲ့ အာလူးသီးတွေ အိတ်ထဲထည့်ယူပြီး ကျောင်းကိုလာကြတာပေါ့။ အချို့ကလေးက အာလူးသီးနှစ်လုံး။ အချို့က သုံးလုံး။ အချို့ကကျတော့ လေး-ငါး-ဆယ်လုံးပါတယ်။

‘ဆရာမတို့ ဒီနေ့ကစားကြမယ့်ဂိမ်းရဲ့စည်းကမ်းချက်ကို ပြောမယ်’ ဆိုတော့ ကလေးအားလုံးလည်း စိတ်ဝင်တစား နားစွင့်တာပေါ့။ ‘ကိုယ်မုန်းတဲ့လူရဲ့ နာမည်ကိုရေးထားတဲ့ အာလူးသီးတွေ ထည့်ထားတဲ့အိတ်ကို ကလေးတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်။ အိမ်သာတက်ရင်တောင်မှ အိတ်ကို ချန်ထားမပစ်ရဘူး။ တစ်ပတ်တိတိ ဒီလိုလုပ်ကြမယ်’လို့ စည်းကမ်းကို ပြောတယ်။

ကလေးတွေကလည်း ပျော်တာပေါ့။ မုန့်စားကျောင်းဆင်းချိန်မှာ အာလူးသီးအိတ်ကိုယ်စီနဲ့ မုန့်စားထွက်ကြတယ်။ ‘မင်းက အာလူး ဘယ်နှလုံး ထည့်ထားသလဲ’လို့ အချင်းချင်းမေးတယ်။ အာလူးသီးများများထည့်လာတဲ့သူက ဂုဏ်ယူသလိုလိုပေါ့။ သွားလေရာရာ အာလူးသီးအိတ်တကိုင်ကိုင်နဲ့။

တစ်ရက်က နှစ်ရက်ကြာလာတော့ ကလေးတစ်ယောက်စ နှစ်ယောက်စက စောဒကတက်တယ်။ ‘ဆရာမ အာလူးသီးအချို့က ပုပ်နေပြီ။ အနံ့ထွက်နေပြီ’တဲ့။ အာလူးသီးများများ ထည့်လာတဲ့ ကလေးအချို့ကလည်း သူတို့အိတ်ကို သွားလေရာသယ်ရတော့ လေးလံတယ် ထင်လာတယ်။ မသယ်ချင်တော့ဘူး။ အာလူး တစ်လုံးစနှစ်လုံးစပဲ ထည့်လာတဲ့ကလေးတွေကတောင်မှ ဒီအိတ်ကိုသယ်ရတာ ရှုပ်တယ်လို့ ထင်လာတယ်။

တစ်ပတ်ပြည့်တော့ ဆရာမက ‘ဂိမ်း ပြီးသွားပြီ။ ကစားခဲ့ကြတဲ့ဂိမ်းကို ဘယ်လိုမြင်သလဲ’ မေးတာပေါ့။ ကျောင်းသူကျောင်းသားလေးတွေက နံစော်လေးလံတဲ့ အာလူးတွေကို တစ်ပတ်လုံးလုံး သွားလေရာဆောင်ယူရတာ စိတ်ပျက်ကြောင်းပြောကြတယ်။

‘အခုကစားခဲ့ကြတဲ့ ဂိမ်းအတွေ့အကြုံအရ အာလူးပုတ်ရဲ့အနံ့ဆိုးနဲ့ဝန်ထုပ်ဝန်ပိုးကို သွားလေရာသယ်ရတာ အင်မတန် ပင်ပန်းတယ်။ လူတစ်ယောက်ပေါ်မှာ အာဃာတတွေ အမုန်းတေကို ကိုယ့်နှလုံးအိမ်ထဲမှာထည့်ပြီး လျှောက်သွားနေသလိုပဲ။ အာလူးသီးရဲ့ အပုပ်နံ့ကို တစ်ပတ်တောင်မှ မခံနိုင်ရင် အာဃာတအမုန်းတွေ တစ်ဘဝလုံး နှလုံးသားထဲ ထည့်ထားရတာ ဘယ်လောက်ပင်ပန်းမှာလဲ၊ စဉ်းစားကြည့်ကြပါ’လို့ ဆရာမကပြောတယ်။

‘လူတွေပေါ်မှာထားမိတဲ့ အာဃာတတွေ အမုန်းတွေရှိခဲ့ရင် လွှင့်ပစ်လိုက်ပါ။တစ်ဘဝလုံး ဒီဒုက္ခတွေကို သယ်မသွားနဲ့။ ခွင့်လွှတ်ခြင်းဆိုတာ အမွန်မြတ်ဆုံးစိတ်ဓာတ်ပဲ။ ကိုယ်သဘောမကျနိုင်တဲ့ လူကိုတောင်မှ မေတ္တာထားပါ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ဘူး။ မပြည့်စုံတဲ့လူကိုတောင်မှ မေတ္တာစေတနာထားပြီး ချစ်တာပါ’လို့ ဆရာမက ဆက်ရှင်းပြပါသတဲ့။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Share this article