fbpx ရွှေတိဂုံဘုရားမှ ဘာတွေတွေ့ | Hap Eye
Skip to main content
Shwedagon Pagoda

ရွှေတိဂုံဘုရားမှ ဘာတွေတွေ့

အမျိုးသားစာဆို ဆရာဇော်ဂျီ ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေစဉ်က ဆရာ့ရုံးခန်းကို နိုင်ငံခြားသူတစ်ယောက် ရောက်လာပါတယ်။ ဆရာဇော်ဂျီကို အကူအညီတစ်ခု လာတောင်းတာပါ။

နိုင်ငံခြားသူက မြန်မာ့ရိုးရာယဉ်ကျေးမှုအကြောင်း စာတန်းပြုစုနေတာတဲ့။ စာတန်းအတွက် အချိန်က သိပ်မရတော့ဘူး။ ဒါကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်းတွေ့နိုင်တဲ့ တစ်နေရာ ပြောပြဖို့ အကူအညီ လာတောင်းတာပါ။

ဆရာဇော်ဂျီကလည်း ရွှေတိဂုံဘုရားကို သွားဖို့ လမ်းညွှန်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဘယ်ဘုရားစေတီမှာမဆို မြန်မာရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို တစ်စုတစ်စည်း တွေ့မြင်နိုင်တယ်။ ဘုရားစောင်းတန်းမှာ ရောင်းချနေတဲ့ပစ္စည်းတွေကိုပဲ လေ့လာမလား၊ ဘုရားရင်ပြင်မှာ ပျပ်ဝပ်ရိုကျိုး ရှိခိုးနေသူတွေ၊ ကိုယ့်ကိုးကွယ်ယုံကြည်မှုအလိုက်ဘုရားရေသပ္ပာယ်နေသူတွေ၊ ဂြိုလ်ပြေနံပြေ ထီးဖြူထီးနီ တံခွန်ကုက္ကားလှူနေသူတွေ၊ ဘုရားမှာ တန်ဆာဆင်ထားတဲ့ ပန်းချီ၊ ပန်းပု၊ ပန်းတမော့ လက်ရာအမျိုးစုံတွေ လေ့လာလို့ မကုန်နိုင်ပါဘူး။ ဒါကြောင့်လည်း အချိန်တိုတိုနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေ့လာနိုင်ဖို့ နိုင်ငံခြားသူကို ရွှေတိဂုံဘုရား သွားစေတာပါ။

ရွှေတိဂုံဘုရားကအပြန်မှာ ဆရာဇော်ဂျီရှိရာကို နိုင်ငံခြားသူ ပြန်ဝင်လာတယ်။ ဆရာဇော်ဂျီက ‘အဆင်ပြေခဲ့လား’ လို့ မေးတယ်။ နိုင်ငံခြားသူက မျက်စိပျက် မျက်နှာပျက်နဲ့ ‘အဆင်မပြေပါဘူး’ ဆိုပြီ ပြန်ဖြေတော့ ဆရာက အကျိုးအကြောင်း ပြန်မေးတာပေါ့။ နိုင်ငံခြားသူက ‘ဘုရားမှာ ခွေးချေးတွေ များလိုက်တာ’ ဆိုပြီး ပြန်ပြောလိုက်တယ်။ နိုင်ငံခြားသူပြန်ပြောတာလည်း မမှားနိုင်ပါဘူး။ ဘုရားကျောင်းကန်ဆိုတာ ဘေးအန္တရာယ် ကင်းဝေးနေရာမို့ ခွေးတွေကြောင်တွေ ရှိမှာပါ။ တိရစ္ဆာန်တွေရှိတဲ့နေရာမို့ သူတို့မစင်တွေလည်း ရှိနိုင်ပါတယ်။

ဆရာဇော်ဂျီ ပြန်ပြောတဲ့မှတ်ချက်က ရိုးပေမဲ့ တာသွားလှပါတယ်။

‘ရွှေတိဂုံဘုရား ရောက်ပြီး ခွေးချေးပဲ ကြည့်တတ်တဲ့သူက ခွေးချေးပဲ မြင်ခဲ့မှာပဲ’ တဲ့။

ကျွန်တော်တို့တစ်တွေလည်း နေပျော်တဲ့ဘဝကို ရကြပါလျက်နဲ့ အဆင်မပြေမှုတွေကိုပဲ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး နေနေကြရင်တော့ ခွေးချေးစော် နံမှာပဲ။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

 

Share this article