Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power ဆိုတာ ဟုတ်ပါ့မလား

Knowledge is Power လို့ ပြောတဲ့လူက ပြောတာပဲ။ ဒါကို အလွတ်ကျက်မှတ်ထားပြီး အခမ်းအနားတွေဘာတွေမှာ အမှာစကားပြောတဲ့ လူကြီးမင်းတွေကလည်း Knowledge is Power တို့ Knowledge ခေတ် ရောက်နေပြီတို့ လျှောက်ပြောတာပဲ။ ထိုင်နားထောင်တဲ့ပရိတ်သတ်ကလည်း ဟုတ်မှာပဲ၊ ဟုတ်တာပဲလို့ သဘောထားလိုက်တယ်။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။
တကယ်တော့ Knowledge is Power ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ Knowledge is Information ဗဟုသုတဆိုတာ အချက်အလက်တွေပါ။ ဆိုရှယ်မီဒီယာတွေကို ကြည့်လိုက်ရင် တစ်ရက်တစ်ရက် ရလိမ့်မယ့် ဗဟုသုတတွေ စုံသလားမမေးနဲ့။ ဒန့်သလွန်းသီးက သွေးတိုးကျတယ် ဆိုတာရော၊ သုံးလအတွင်း ပေါင် ၃၆၀ ရှိတဲ့ လူဝကြီးရဲ့ပေါင် ၁၆၀ပေါင်အထိ ဝိတ်ချနည်းရော၊ ဆီးရောဂါပျောက်ကင်းတဲ့ သဘာဝဆေးနည်း၊ ဗိုက်ခေါက်ထူတဲ့ ကိုကိုမမတွေအတွက် သတင်းကောင်းရော အချိန်ပေးရင် ပေးနိုင်သလောက် ဗဟုသုတတွေ ရနိုင်တယ်။
ရရှိတဲ့ ဗဟုသုတအချက်အလက်တွေကို ဘယ်လိုလက်ခံလေ့ကျင့်သုံးသလဲ။ အကျိုးရှိအောင် လက်ခံကျင့်ကြံနိုင်ရင်တော့ အဲဒီ ဗဟုသုတတွေက အကျိုးဖြစ်မယ်။ Knowledge is Power ဖြစ်မယ်။ အသိအမြင်ဗဟုသုတတွေကို ကိုယ်အချိန်ပေးဖတ်ရှုတဲ့အခါ စဉ်းစားဆင်ခြင်စရာရှိပါတယ်။ ကိုယ်နဲ့ပတ်သက်ဆိုင်တဲ့ အချက်အလက် ဟုတ်ရဲ့လား၊ ကိုယ်ပေးနိုင်တဲ့ အချိန်ထက်ပိုပြီး နစ်မျောနေမိသလား။
အစားမှားလို့ အစာမကြေတာ ရင်ပြည့်ရင်ကယ်ဖြစ်တာက မြင်သာပေမဲ့ ကိုယ်နဲ့မဆိုင်တဲ့ အချက်အလက်နဲ့ ကိစ္စဝိစ္စတွေ ကိုယ့်ဆီမှာ လာအမှိုက်ရှုပ်နေလို့ ဒုက္ခဖြစ်စေတာက မမြင်သာဘူး။


ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts