fbpx မီးရုပ်တု (အပိုင်း-၂) | Hap Eye
Skip to main content
HapEye Knowledge Sharing

မီးရုပ်တု (အပိုင်း-၂)

နှစ်ယောက်သား မိမိတို့ ထင်မြင်ယူဆချက်အား ပြောဆိုလိုက်ကြရင်း ကျော်ဒွန်းက အရုပ်အား လွယ်ထားသော လွယ်အိတ်အတွင်း ထည့်လိုက်ပြီး တောင်ယာအတွင်းရှိ အမှိုက်သရိုက်များအား ရှင်းလင်းကြလေ၏။ ညနေနေစောင်း၍ နေညိုချိန်တွင် နှစ်ယောက်သား အလုပ်သိမ်း၍ ရွာသို့ ပြန်ခဲ့ကြ၏။ ရွာအဝင် စမ်းချောင်းတွင် ရေချိုးကြစဉ် အရုပ်အား စမ်းချောင်းမှ သဲဖြင့် ပွတ်တိုက်ဆေးလိုက်ရာ ကြေးဝါရောင် ပေါ်လာလေ၏။ အရုပ်အား အိတ်တွင်းထည့်ပြီး ရွာတွင်းသို့ ဝင်ခဲ့ကြလေသည်။ ညပိုင်းသို့ရောက်လျှင် ကျော်ဒွန်းသည် တောင်ယာမှ ရရှိခဲ့သော အရုပ်အား ယူ၍ ရွာလယ်တွင် နေထိုင်သော ရွာတွင် အသက်အကြီးဆုံးဖြစ်သည့် ဘကြီးစောဖြူအား ပြ၍ မည်သည့်ရုပ်တုဖြစ်ကြောင်း မေးမြန်းကြည့်ရာ ဦးစောဖြူမှ-

"မင်းအရုပ်က ဘာအရုပ်လဲဆိုတာ ငါလည်း မသိဘူးကွဲ့။ နတ်ရုပ်နဲ့တော့ တူတာပဲ။ ဘာနတ်ရုပ်လည်း မသိဘူး။ လက်ဝါးဖြန့်ပြီး တစ်ဖက်က လက်သီးဆုပ်ပုံစံက တစ်ခုခုကို တားမြစ်တဲ့ ပုံစံဖြစ်နေတယ်။ အင်း... ဒီရုပ်တုက ဂမ္ဘီရဆန်တဲ့ ရုပ်တုတစ်ခုဆိုတာတော့ ငါပြောနိုင်တယ် ကျော်ဒွန်းရေ"

"ဘာအရုပ်ပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ထိုက်လို့ ရတာပဲ။ ကျွန်တော် သိမ်းထားပါ့မယ်" ကျော်ဒွန်းသည် အိမ်ပြန်ရောက်သည်နှင့် ရုပ်တုအား အိမ်ရှိ ဘုရားစင်ပေါ် တင်ထားလိုက်၏။ ကျော်ဒွန်းတို့လို တောင်ပေါ်သား တိုင်းရင်းသားများမှာ အလွန်ရိုးသားကြ၏။ ရလာသည့် အရုပ်အား ဘာအရုပ်ဖြစ်သည်။ ဘာအကျိုးအပြစ် ပေးမည် စသည်ကို စဉ်းစားတွေးတောနေခြင်း မရှိချေ။ တောင်ယာခုတ်မည်၊ စပါးနှင့် အခြားသီးနှံစိုက်ပျိုးမည်၊ ရလာမည့် စပါးအား ဝမ်းစာထားမည်။ ဒါသည်ပင် သူတို့ဘဝ၊ သူတို့မှာ ကြွားဝါရန်၊ ဂုဏ်ပြိုင်ရန်၊ အပျော်ရှာရန် မရှိချေ။ ရိုးစင်းလှသည့် သူတို့ဘဝပါပေ။

ကျော်ဒွန်းတို့သည် မီးရှို့ပြီးသည့်တောင်ယာတွင် ကွမ်းဆိုးခွေပြီးသည်နှင့် တန်ခူးလပြည့်ကျော် ၄ ရက်နေ့သို့ ရောက်ခဲ့လေပြီ။ ယနေ့ ကျော်ဒွန်းတို့အိမ်ရှိ လူများ တောင်ယာသို့ အိမ်ရှိ လူကုန် လိုက်လာကြသည်။ သင်္ကြန်လက်ဆေးမိုးအမီ တောင်ယာတွင် ကောက်ထိုး(စပါးစိုက်) တောင်မြေတွင် စူးထိုး၍ စပါးစေ့ချ စိုက်ခြင်းကို ဆိုသည်။ ပထမမိုးမီခဲ့လျှင် တောင်ယာရှိ စပါးနှင့် အခြားသီးနှံများ မြန်မြန်ပေါ်၍ ဈေးကောင်းရလေသည်။ ကျော်ဒွန်းနှင့် အိမ်သားများ မနက်ပိုင်းတစ်မနက် ကောက်ထိုး(စပါးစိုက်)ပြီး နေ့ခင်း ၁၁ နာရီအချိန် ထမင်းစားပြီး ရွာသို့ ပြန်ခဲ့ကြလေ၏။

ရွာအနီး စမ်းချောင်းအတွင်း ရေချိုးနေကြစဉ် ရွာဘက်ဆီမှ ဆူဆူညံညံအသံများ ကြားရသောကြောင့် ရွာဆီသို့ အပြေးသွားကြရာတွင် ဝါးပေါက်သံများ ကြားကြရပြန်၏။ ရွာတွင်းသို့ ဝင်ရောက်လာရာ ကျော်ဒွန်းတို့အိမ်ဘက်မှ မီးတောက်များ လွင့်ပျံလာသည်ကို မြင်ရသောကြောင့် ခြေကုန်သုတ်၍ ပြေးလာခဲ့ကြလေသည်။ မြင်လိုက်ရသည့် မြင်ကွင်းက ကျော်ဒွန်း ရင်ဆို့ရလေပြီ။ သူ၏အိမ်မှာ မီးတောက်မီးလျှံများ ဝါးမျိုခြင်းကို ခံနေရသည့် မြင်ကွင်းကို မြင်လိုက်ရပြီး ရွာသားများမှ ရေပုံး၊ ရေအိုးများဖြင့် ပက်ဖျန်း၍ မီးငြှိမ်းသတ်နေကြလေ၏။

ကျော်ဒွန်းတို့ အိမ်သားများမှာလည်း ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ကြရာ မီးမှာ မီးညွန့်ကျိုးပြီး မီးသေသွားခဲ့လေ၏။ အိမ်မှာ မီးဖိုနှင့် အိမ်မကြီးတို့ မီးလောင်ကျွမ်းခဲ့ရပြီး ဘုရားစင်တစ်ခုသာ မီးလုံးဝ မလောင်ဘဲ အကောင်းပကတိအတိုင်း ရှိနေသည်ကို အံ့သြစွာ မြင်တွေ့ကြရလေ၏။ ဝမ်းစာစပါးများမှာ အိမ်နောက်ဘက်တွင် သီးသန့်အဆောက်အအုံနှင့် ထားသဖြင့် မီးလောင်ကျွမ်းခြင်း မခံရပေ။ မီးလောင်ပြီး နောက်နေ့တွင် ရွာသားများ စုပေါင်း၍ လိုအပ်သော သစ်၊ ဝါးများ ခုတ်ယူ၍ နေ့ချင်းပြီးအိမ်ဆောက်ပေးကြသောကြောင့် ကျော်ဒွန်းတို့မိသားစု အိမ်ရရှိကြလေ၏။ တောတောင်ထဲတွင် နေထိုင်ကြသည့်အတွက် သစ်ဝါးပေါသောကြောင့် အိမ်တစ်လုံးအတွက် ပူပန်စရာမရှိချေ။ တစ်ဦးတစ်ယောက် ဒုက္ခရောက်နေလျှင် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးကြသည့် ချစ်စရာဓလေ့စရိုက်မှာ ခမီးတိုင်းရင်းသားတို့၏ ရိုးသားဖြူစင်သည့် စိတ်ထားပင် ဖြစ်လေသည်။

အိမ်ဆောက်ပြီး၍ ညပိုင်းကျော်ဒွန်းတို့အိမ်သစ်ပေါ်တွင် ရွာသားများစုဝေး၍ နေကြစဉ် ဦးစောဖြူမှ- "ကျော်ဒွန်းတို့ ကံကောင်းတယ်လို့ ပြောရမယ်ကွဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဝမ်းစာထားတဲ့ စပါးကျီကို မီးမလောင်လို့ပဲကွ။ နောက်ပြီး အိမ်မကြီးနဲ့ မီးဖိုချောင်ကို မီးလောင်ပြီး ဘုရားစင်ကို မီးမကူး၊ မီးမလောင်တာလည်း အံ့သြစရာပဲကွဲ့။ အဲဒါ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာပဲ"

ဦးစောဖြူ၏ ပြောစကားကို "လှဖော်" ဆိုသူ ရွာသားမှ ဝင်ပြောလာ၏။ "ဟုတ်တယ် ဘကြီးရဲ့၊ အိမ်မနဲ့ ဘုရားစင်က တစ်ဆက်တည်းရှိနေတာ ဘာဖြစ်လို့ဘုရားစင်ကျတော့ မီးမလောင်ဘဲ အိမ်မကြီးပဲ လောင်ရတာလဲ။ ထူးတော့ ထူးနေတာ အမှန်ပဲဗျ" ဦးစောဖြူနှင့် ရွာသား လှဖော်၏ စကားသံအဆုံး ကျော်ဒွန်းမှ -

"ဟာ... ဟုတ်ပြီ၊ ဘကြီးစောဖြူရေ၊ ကျုပ် သတိရပြီဗျ။ ဟိုတစ်ခါ ဘကြီးကို လာပြတဲ့ အရုပ်ကို ကျုပ် ဘုရားစင်ပေါ်မှာ တင်ထားတာဗျ။ အဲဒီအရုပ်ကြောင့်များ ဘုရားစင်ကို မီးမလောင်တာများလား မသိဘူး" "ကျော်ဒွန်းပြောမှ ငါလည်း သတိရတယ်။ ဟုတ်နိုင်တယ်ကွဲ့။ အဲဒီအရုပ်ဟာ မီးကွင်းရုပ်တုဖြစ်ချင်လည်း ဖြစ်မှာပေါ။ ဒါပေမယ့် အဲဒီအရုပ်ကို ဘကြီးစောဖြူ ယူသွားပါနော်၊ ကျွန်တော့်အိမ်မှာ မထားချင်တော့ဘူးဗျာ"

"အေးပါကွာ၊ မင်းအိမ်မှာ မထားချင်ဘူးဆိုရင်လည်း ငါ့အိမ်ကို ယူသွားပြီး ငါ သိမ်းထားပါ့မယ် ကျော်ဒွန်းရယ်" ကျော်ဒွန်းနှင့် ဦးစောဖြူတို့ နှစ်ယောက် ပြောဆိုနေကြသော စကားများကြောင့် ရွာသားများသည် နားမလည်နိုင်စွာဖြင့် ငေးမောနေကြလေ၏။ ကျော်ဒွန်းက ထိုင်ရာမှ ထပြီး ဘုရားစင်ပေါ်တွင် တင်ထားသည့် ရုပ်တုအား ယူလိုက်ပြီး ဘကြီး ဦးစောဖြူလက်ထဲသို့ ပေးလိုက်၏။ ရွာသားများက ဦးစောဖြူလက်တွင်းမှ ရုပ်တုအား ကြည့်ရှုကြလေ၏။ သို့သော် မည်သည့်ရုပ်တုဟူ၍ ရွာသားများ မသိပေ။ ရိုးသားလွန်းကြသူများ မဟုတ်ပါလား။ ကျော်ဒွန်းက ရုပ်တုအား ဦးစောဖြူကို ပေးလိုက်လေ၏။

သင်္ကြန်မိုးပြေး ရွာသွန်းပြီဖြစ်၏။ မိုးရေကြောင့် ကျော်ဒွန်းနှင့် အောင်လတို့၏ တောင်ယာမှာ ပေါင်းမြက်များနှင့် ဝါးပင်ငယ်လေးများ ပေါက်လာကြသောကြောင့် တောင်ယာတွင် ပေါင်းလိုက်ကြရလေ၏။ ပေါင်းမရှင်းပါက စိုက်ပျိုးထားသော စပါးပင်နှင့် အခြားသီးနှံပင်များအား ပေါင်းပင်၊ မြက်ပင်များ ဖုံးလွှမ်းသွားပြီး စပါးနှင့် အခြားသီးနှံများ ပျက်စီးကြရလေသောကြောင့် ပေါင်းပင်၊ မြက်ပင်များအား အချိန်မီ ရှင်းလင်းကြရခြင်း ဖြစ်သည်။

ကဆုန်လဆန်း ၁၀ ရက်နေ့ ရောက်လာပေပြီ။ တောင်ယာတွင် စိုက်ပျိုးထားသော စပါးပင်လေးများ ခေါင်းပြူ၍ ထွက်လာပြီဖြစ်သဖြင့် ကျော်ဒွန်းနှင့် အောင်လတို့ ပျော်ရွှင်နေကြပြီ ဖြစ်သည်။ တောင်ယာတွင် ပေါင်းရှင်း၍ စောစောပြီးသည့်အတွက် ရွာသို့ နှစ်ယောက်သား စောစောပြန်ခဲ့ကြလေသည်။ စမ်းချောင်းတွင် ရေချိုး၍ ရွာတွင်းသို့ ဝင်သွားကြရာတွင် မြင်လိုက်ကြရသည့် မြင်ကွင်းကြောင့် အံ့သြ ထိတ်လန့်သွားကြလေတော့သည်။ ရွာလယ်ရှိ အဘ ဦးစောဖြူ၏ နေအိမ်မှာ မီးလောင်ကျွမ်းနေပြီး မီးဖိုခန်းနှင့် အိမ်မကြီးတို့ မီးလောင်ထားပြီး မီးခိုးငွေ့များပင် မပြယ်တတ်သေးဘဲ တငွေ့ငွေ့ထွက်နေဆဲပင် ရှိသေးသည်ကို မြင်ကြရပြီး သစ်ပင်ရိပ်များတွင် ရွာသားများနှင့် အဘ ဦးစောဖြူအား မြင်လိုက်ရ၍ သူတို့ရှိရာ သစ်ပင်ရိပ်သို့ လျှောက်သွားပြီး ကျော်ဒွန်းက မေးလိုက်၏။

"ဘယ်လိုဖြစ်ရတာလဲ အဘစောဖြူရယ်။ အဘကိုယ်တိုင်ရှိတယ်မဟုတ်လား" "ဟုတ်တယ် ကျော်ဒွန်းရေ။ ငါကိုယ်တိုင် ရှိပါတယ်ကွယ်။ အိမ်ရှေ့မှာ လှဲနေတုန်း မီးဖိုက စပြီးလောင်တာပဲကွာ။ ငါလည်း ရွာသားတွေကို အော်ဟစ်အကူအညီတောင်းလို့ ရွာသားတွေ ရောက်လာပြီး ဝိုင်းဝန်း မီးငြိမ်းသတ်ကြတာကြောင့် မီးဖိုခန်းနဲ့ အိမ်မကြီးတစ်ဝက် မီးလောင်သွားခဲ့ရတာပါပဲကွယ်"

"ဘကြီးအိမ် မီးလောင်တဲ့ပုံစံကလည်း ကျွန်တော့်အိမ် မီးလောင်တဲ့ ပုံစံအတိုင်းပါပဲလား ဘကြီးရဲ့" "အေးကွဲ့၊ ဟုတ်တယ် ကျော်ဒွန်းရဲ့၊ မင်းအိမ် မီးလောင်တဲ့ပုံစံအတိုင်းပဲ။ ဒါက ထူးဆန်းနေတယ်ကွဲ့။ ငါ့အထင်ပြောရရင် မင်းပေးလိုက်တဲ့ ဟိုရုပ်တုနဲ့များ သက်ဆိုင်နေမလားပဲကွဲ့။

"ဟုတ်တယ်နော် ဘကြီး။ ကျွန်တော်တို့ရွာမှာ မီးလောင်မှုဖြစ်တယ်ဆိုတာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အခုတော့ တစ်လအတွင်း နှစ်ကြိမ် မီးလောင်မှုဖြစ်ပြီး မီးလောင်တဲ့ အိမ်နှစ်အိမ်ကလည်း ဟိုရုပ်တုရှိခဲ့၊ ထားခဲ့ဖူးတဲ့ ကျွန်တော့်အိမ်နဲ့ ဘကြီး စောဖြူရဲ့ အိမ်နှစ်ဆောင်ဖြစ်နေတာကလည်း တိုက်တိုက်ဆိုင်ဆိုင် တူနေတယ်။ ဒါက ထူးဆန်းတယ် ပြောမလား၊ အရုပ်ကြောင့်လို့ ပြောရမလား မသိတော့ဘူးဗျာ"

"မင်းပြောတာလည်း ဟုတ်တယ် ကျော်ဒွန်းရေ၊ ငါတော့ မင်းပေးတဲ့ ရုပ်တုကို မသင်္ကာချင်တော့ဘူးကွာ။ အဲဒီရုပ်တုကို ဘယ်လိုလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားနေတာကွဲ့"

"ဒီလိုလုပ်ရင် မကောင်းဘူးလား ဘကြီး။ အဲ့သည်ရုပ်တုကို ရွာဦး ဘုန်းကြီးကျောင်းကို သွားလှူလိုက်ရင် မကောင်းဘူးလား"

"ဘုန်းကြီးကျောင်းဆိုတော့လည်း တစ်မျိုးကောင်းတာပေါ့ကွယ်။ ဒါပေမယ့် ဖြစ်ပျက်ပုံအကျိုးအကြောင်းအစုံကိုတော့ ဆရာတော့်ကို လျှောက်ထားခဲ့ရမှာပဲပေါ့။ ဒါမှလည်း ဆရာတော့က စဉ်းစားပြီး ဆုံးဖြတ်နိုင်မှာမဟုတ်လား"

ဦးစောဖြူနှင့် ကျော်ဒွန်းတို့ နှစ်ယောက် ပြောဆိုကြပြီး ဦးစောဖြူမှ ကျော်ဒွန်းပေးထားသော ရုပ်တုအား ယူ၍ ရွာဦး ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့ကြလေ၏။ ဘုန်းကြီးကျောင်းသို့ ရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖြစ်ပျက်ပုံ အကြောင်းစုံအား လျှောက်ထား ပြောကြားကြပြီး ဆရာတော်အား ရုပ်တုကို ပေးအပ်လှူဒါန်းလိုက်၏။ ဆရာတော်သည် ရုပ်တုအား သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီး ပြောလိုက်လေသည်။

"အင်း...ဒီလိုပုံစံနဲ့ ရုပ်တုမျိုးကို ဘုန်းကြီး တစ်ခါမှ မမြင်ဖူးသေးဘူးကွဲ့၊ ရုပ်တုက ခေါင်းမှာ ခေါင်းဆောင်းသျှောင် ဆောင်းထားပြီး ကိုယ်အထက်ပိုင်းက ကိုယ်ကျပ်အင်္ကျီပုံစံဝတ်ထားပြီး အောက်ပိုင်းက ပုဆိုးကို ခါးတောင်းကျိုက်ဝတ်ထားတယ်။ ဘာပုံစံ၊ ဘာရုပ်တုလဲဆိုတာ ဘုန်းကြီးလည်း မပြောတတ်ဘူးကွဲ့ ဒကာတို့ရဲ့။ ဒါပေမယ့် ဒကာကြီးတို့က ဘုန်းကြီးကို လာလှူတာဆိုတော့လည်း ဘုန်းကြီး လက်ခံရမှာပေါ့လေ"

ဆရာတော် ဘုန်းကြီးကလည်း ဘာရုပ်တုဖြစ်သည်ကို မသိဟု ပြောပြပြီး လက်ခံယူထားလိုက်သောကြောင့် ဦးစောဖြူနဲ့ ကျော်ဒွန်းတို့နှစ်ယောက် ဆရာတော့်အား ရှိခိုးဝတ်ပြုပြီး ပြန်ခဲ့ကြလေ၏။

ဦးစောဖြူနှင့် ကျော်ဒွန်းတို့ ရုပ်တုအား ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် လှူဒါန်းခဲ့ကြပြီး ၁၅ ရက်ခန့်အကြာ၊ တစ်နေ့သော နံနက်ခင်း ရှစ်နာရီအချိန်ခန့်တွင် ရွာဦး ဘုန်းတော်ကြီးကျောင်းဘက်မှ ဆူညံအော်ဟစ်သံများ ကြားကြရ၍ ရွာသားများ အပြေးအလွှား ဘုန်းကြီးကျောင်းသို့သွားကြရာတွင် ကျောင်းခြေရင်းဘက် ဝါးသုံးပြန်အကွာတွင် ရှိသော ဆွမ်းချက်ရုံလေးမှာ မီးလောင်နေသည်ကို မြင်တွေ့ကြရသောကြောင့် ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ကြသည့်အတွက် ဆွမ်းချက်ရုံ ထက်ဝက်ခန့်သာ မီးလောင်သွားပြီး မီးငြိမ်းသွားခဲ့၏။ ဆွမ်းချက်ရုံ မီးသတ်ပြီးလျှင် ရွာသားများသည် ဆရာတော်ရှိရာ ကျောင်းပေါ်သို့ တက်သွားကြပြီး ဆရာတော်အား မေးမြန်းလျှောက်ထားကြရာ ဆရာတော်မှာ မိန့်ကြားသည်မှာ...

"ဒီနေ့ ဆွမ်းချက်ရုံကို လောင်တဲ့မီးက ထူးဆန်းတယ် ဒကာတို့၊ နေ့စဉ်နေ့တိုင်း ကျောင်းက ဆွမ်းဒကာ(ကပ္ပိယ)က ဟင်းပေါင်းအိုးတည်၊ ရေနွေးအိုးတည်ပြီး မီးကို သတ်ထားနေကျပဲ။ ဒီနေ့မှ အဲဒီမီးက ဆွမ်းချက်ရုံကို လောင်တယ်ဆိုတာကတော့ ဘုန်းကြီးစိတ်ထဲ နည်းနည်းထူးဆန်းတယ်လို့ ထင်မိတယ်ကွဲ့"

ဆရာတော်၏ ပြောစကားအဆုံးတွင် ဦးစောဖြူမှ - "ဆရာတော်ကို ကျွန်တော်တစ်ခုလျှောက်ပါရစေ ဘုရား။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က တပည့်တော်နဲ့ ကျော်ဒွန်းတို့ လာလှူတဲ့ ရုပ်တုနဲ့များ သက်ဆိုင်နေလားလို့ လျှောက်ပါရစေ ဘုရား"

ဦးစောဖြူ၏ ပြောစကားဆုံးသည်နှင့် ဆရာတော်သည် သတိရသွားဟန်ဖြင့် - "ဒကာကြီး ဦးစောဖြူ ပြောမှ ဘုန်းကြီး သတိရတယ်။ ဟုတ်မယ်။ ဟုတ်မယ်။ အဲဒီရုပ်တုကြောင့်ပဲ ဖြစ်မယ်"

"ဆရာတော်ဘုရား...အဲဒီရုပ်တုကို ဘယ်မှာ ထားပါသလဲ ဘုရား"

"အင်း...ဟိုတစ်ခါ ဒကာကြီးတို့ လာလှူကတည်းက ဘုန်းကြီးစိတ်ထဲ မသင်္ကာလို့ အဲဒီရုပ်တုကို ကျောင်းပေါ်မှာ မထားဘဲ ကျောင်းနဲ့ ဝေးတဲ့ ဆွမ်းချက်ရုံထဲမှာ သွားထားလိုက်တယ်။ ခုတော့ ဘုန်းကြီးထင်တာ မှန်နေပြီပေါ့ကွယ် ကိုင်း...လာကြ၊ ရုပ်တုကို သွားကြည့်ကြမယ်"

ဆရာတော်ကြီးက ပြောပြီး ကျောင်းအောက်သို့ ဆင်းသွားလေရာ ရွာသားများက ဆရာတော်ကြီးနောက်မှ လိုက်သွားကြလေသည်။ ဆရာတော်ကြီးသည် မီးမလောင်ဘဲ ကျန်နေသော ဆွမ်းချက်ရုံရှိရာသို့ သွားရောက်ပြီး အိုးများ ထားသည့် ဘီဒိုပေါ်ရှိ သင်္ကန်းစုတ်အား ယူ၍ သင်္ကန်းစုတ်အတွင်းရှိ ရုပ်တုကို ယူလိုက်ပြီး ဦးစောဖြူအား ပြောလိုက်လေသည်။

"ဒကာကြီးတို့...လာလှူတဲ့ ဒီရုပ်တုဟာ မီးကွင်းရုပ်တုလို့ ခေါ်ရင် မှန်သလိုပဲပေါ့။ ဒါပေမယ့် သူ့ရဲ့ အနီးအနား ပတ်ဝန်းကျင်တစ်လံလောက်ကိုသာ မီးကွင်းစေနိုင်မယ့် သူ့ကို ထားရှိတဲ့ အဆောက်အအုံကိုတော့ မီးမကွင်းဘူးကွဲ့။ ဒါ့ကြောင့် ဒီရုပ်တုဟာ အန္တရာယ်ကြီးတဲ့ ရုပ်တုဖြစ်တယ်။ ဒါကြောင့် ဒီရုပ်တုကို ရွာနဲ့၊ လူနဲ့ ဝေးရာမှာသာ သွားပစ်လိုက်ကြပါလို့ ဘုန်းကြီးပြောချင်တယ်"

ဆရာတော်၏ မိန့်ကြားသည့်စကားအဆုံး ဦးစောဖြူမှ - "ဆရာတော် မိန့်ကြားသလိုပါပဲ ဘုရား။ ဒီရုပ်တုဟာ သူ့ကိုသာ မီးကွင်းစေတဲ့ ရုပ်တုဖြစ်တာ အမှန်ပါပဲ ဘုရား။ ပထမ ကျော်ထွန်းအိမ် မီးလောင်တယ်။ ဒါပေမယ့် ရုပ်တုရှိတဲ့ ဘုရားစင် မီးမလောင်ဘူး။ ဒုတိယ တပည့်တော်အိမ် မီးလောင်တယ်၊ ရုပ်တုတင်ထားတဲ့ ဘုရားစင် မီးလောင်တယ်။ တစ်ရုံလုံး မလောင်ဘူး။ ရုပ်တုရှိတဲ့ တစ်ပိုင်းကျန်နေတယ်။ ဒီရုပ်တုရခဲ့တဲ့ နေရာကလည်း တောင်ယာ မီးရှို့လို့ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဝါးငုတ် ဝါးရွက်တွေကြားက ရခဲ့တာဖြစ်တယ်ဆိုတော့ ဒီရုပ်တုဟာ သူရှိနေတဲ့ အဆောက်အအုံကို မီးလောင်စေပြီး သူ့တစ်ကိုယ်စာ အနီးအနားမှာသာ မီးကွင်းစေတဲ့အတွက် ဒီရုပ်တုကို လူတွေမမြင်မတွေ့ရမယ့် ရေနက်တဲ့ ချောင်းထဲ၊ အိုင်ထဲကို သွားပစ်လိုက်ပါ့မယ် ဘုရား"

"အိမ်း...ကောင်းပါတယ် ဒကာကြီး စောဖြူ ရော့၊ အခုပဲ သွားပစ်လိုက်ပေတော့" ဆရာတော် ကမ်းပေးလာသော ရုပ်တုအား လှမ်းယူ၍ ဦးစောဖြူသည် ချောင်းရှိရာသို့ တရွေ့ရွေ့ထွက်ခွာသွားလေတော့သည်။

စာရေးသူ - မင်းမြင့်နိုင် (ဘူးသီးတောင်)

Share this article